Border News Agency
အမေရိကန်၊ဇွန် ၁၆။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတွေစတင်သွားလာနေပြီလို့ ဇွန်လ ၁၅ ရက်နေ့ကပြောကြားလိုက်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ နားလည်မှုစာချွန်လွှာ (MoU) ကို ဒီသောကြာနေ့မှာ လက်မှတ်ရေးထိုးဖို့ နှစ်ဖက်စလုံးက ကြေညာထားတဲ့နောက်ပိုင်း အခုလို ပြောဆိုလာတာပါ။
ဒီသဘောတူညီချက်အရ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့ အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့မှုကို ရုပ်သိမ်းဖို့နဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်းဖို့အတွက် အစပျိုးသဘောတူထားကြပါတယ်။
”ရေနံတွေအပြည့်တင်ထားတဲ့သင်္ဘောတွေ အပါအဝင်အများအပြားဟာ ဟော်မုဇ်ရေလက်ကြားကနေ စတင်ထွက်ခွာလာနေပြီ။” လို့ ထရမ့်က ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်စစ်တပ်ရဲ့အကြံပေးချက်အရတော့ သောကြာနေ့မှာလက်မှတ်ရေးထိုးပွဲ မပြီးမြောက်ခင်အထိ အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့ ရေကြောင်းပိတ်ဆို့မှုက ဆက်လက်တည်ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရေကြောင်းသွားလာမှု ပုံမှန်ပြန်ဖြစ်ဖို့အတွက် အချိန်လများစွာ ကြာမြင့်နိုင်ပြီး ရေပြင်အောက် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ၄၀ ကနေ ၅၀ ရက်အထိ ကြာမြင့်နိုင်တယ်လို့ ရေကြောင်းလုံခြုံရေး ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
လက်ရှိမှာတော့ သင်္ဘောပေါင်း ၅၀၀ လောက်နဲ့ သင်္ဘောသား ၂၀,၀၀၀ လောက်ဟာ ရေလက်ကြားကို ဖြတ်သန်းဖို့ စောင့်ဆိုင်းနေရပါတယ်။
ရေလက်ကြားကို ဘယ်သူတွေက ထိန်းချုပ်သွားမလဲဆိုတဲ့အချက်နဲ့ ဖြတ်သန်းခ ကောက်ခံမလားဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ ကျန်ရှိနေပါသေးတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့လုံခြုံတဲ့ဖြတ်သန်းခွင့်အတွက်အချိန်တခု လိုအပ်တယ်လို့ ပြောဆိုထားပြီး အမေရိကန်ဒုသမ္မတ JD Vance ကတော့ ဒီရေလက်ကြားဟာ ရေရှည်မှာ ဖြတ်သန်းခအခမဲ့ ဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ဒီပဋိပက္ခအတွင်း အမေရိကန်နဲ့ အီရန်အကြား နိုင်ငံတကာ သင်္ဘောလမ်းကြောင်းတွေကို တိုက်ခိုက်မှုပေါင်း ၄၆ ကြိမ်အထိ ရှိခဲ့တယ်လို့ နိုင်ငံတကာ ရေကြောင်းအဖွဲ့အစည်း (IMO) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။










