Border News Agency
မြောက်ဦး၊စက်တင်ဘာ ၂၃။
အာရက္ခပြည်သူတွေ သတင်းမှန်သိရှိပိုင်ခွင့်၊သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ရပိုင်ခွင့်တွေကို အကာအကွယ်ပေးဖို့ အပါအဝင်မီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင်ဆယ့်ငါးဦးနဲ့ စက်တင်ဘာလ ၂၃ ရက်၊ဒီနေ့ဖွဲ့စည်းလိုက်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ပါတယ်။
အဲဒီကောင်စီကို ULA ရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၄၈/၂၀၂၆ နဲ့တရားဝင်ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဥက္ကဋ္ဌတဦး၊ဒုတိယဥက္ကဋ္ဌတဦး၊အတွင်းရေးမှူးသုံးဦး၊ဘဏ္ဍာရေးမှူး၊စာရင်းစစ်နဲ့အဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်းဆယ့်ငါးဦးပါဝင်ပါတယ်။
အဲဒီအာရက္ခပြည်သူ့သတင်းမီဒီယာ ကောင်စီရဲ့ဥက္ကဋ္ဌအဖြစ်ဦးအောင်မင်းဦး၊ဒုတိယဥက္ကဋ္ဌအဖြစ်ဦးသိန်းထွန်းဇံ၊အတွင်းရေးမှူး(၁)အဖြစ်ဦးနောင်ခိုင်အောင်၊အတွင်းရေးမှူး(၂)အဖြစ် ဦးအောင်ထွန်းစိန်၊အတွင်းရေးမှူး(၃)အဖြစ်ဦးစံရွှေထွန်းနဲ့ဦးခိုင်မြတ်ကျော်ပါတာပါ။
အဲဒီကောင်စီမှာ သတင်းမီဒီယာနယ်ပယ်မှရှစ်ဦး၊စာပေကဏ္ဍမှနှစ်ဦး၊လူငယ်၊အမျိုးသမီး၊ဥပဒေ၊ဘဏ္ဍာရေးနဲ့ စာရင်းအင်းကဏ္ဍမှတဦးစီ ပါဝင်တယ်လို့ဆိုပါတယ်။
အဲဒီအာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီဟာ လာမယ့်အပတ်ကစပြီးကောင်စီရဲ့လုပ်ငန်းတာဝန်တွေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင် အာရက္ခမီဒီယာကောင်စီ(APC)ကို ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကဖွဲ့စည်းထားပြီးလွတ်လပ်တဲ့ သတင်းသမားတွေပါဝင်ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ဖွဲ့စည်းပေးလိုက်တဲ့ အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီ(APMC)ဟာ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ လွတ်လပ်တဲ့သတင်းဌာနတွေ၊သတင်းသမားတွေကို အရေးယူဖို့အတွက် ULA/AA က တဆင့်ခံအမည်ခံခိုင်းနေတာလို့ သတင်းသမားတွေကဆိုပါတယ်။






