Border News Agency
မလေးရှား၊ စက်တင်ဘာ ၂၃။
မလေးရှားနိုင်ငံ၊ ပူတူရာဂျာရှိ ကမ်ပွန်ဘာဂင်ဒါ ပတ်ဝန်းကျင်မှာစက်တင်ဘာလ ၂၃ ရက်၊ ဒီနေ့မနက်က တရားမဝင်မြန်မာတဦးအပါအဝင် နိုင်ငံခြားသားငါးဆယ့်သုံးဦးကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ထုတ်ပြန်ပါတယ်။
တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ သွားလာနေကြတယ်ဆိုတဲ့ သတင်းအရသွားရောက်စစ်ဆေးခဲ့တာဖြစ်ပြီး ကားခုနှစ်စီးနဲ့ဝင်ရောက်လာသူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ အင်ဒိုနီးရှားလေးဆယ့်လေးဦး၊ ဘင်္ဂလားဒေ့ရှ်ရှစ်ဦးနဲ့ မြန်မာတဦးတို့ပါဝင်နေတာပါ။
သူတို့မှာတရားဝင်ခရီးသွားလာခွင့်စာရွက်စာတမ်းမရှိကြတဲ့အတွက် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊ လူကုန်ကူးမှုတားဆီးရေး အက်ဥပဒေတို့နဲ့ အရေးယူဖို့ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။
မလေးရှားမှာ ပြီးခဲ့တဲ့ဇန်နဝါရီလကနေ စက်တင်ဘာလ ၁၇ ရက်နေ့အထိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ငါးသောင်းခုနှစ်ထောင်ခန့်ကိုထိန်းသိမ်းခဲ့ပြီး အဲဒီထဲမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများဆုံးပါဝင်ပါတယ်။









