Border News Agency
အမေရိကန် ၊စက်တင်ဘာ ၂၃။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်ကိုထပ်မံတိုက်ခိုက်မလား၊ ငြိမ်းချမ်းရေးသဘောတူညီချက်ရအောင် ဆက်လုပ်မလားဆိုတာ ဆုံးဖြတ်ရတော့မှာဖြစ်တယ်လို့ စက်တင်ဘာလ ၂၂ ရက်နေ့ကပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
”အီရန်နဲ့သဘောတူညီချက်ရပြီး အရင်ကထက်ပိုကောင်းတဲ့ နိုင်ငံတခုအဖြစ်ပြန်တည်ဆောက်ဖို့ အခွင့်အရေးပေးမလား၊ ဒါမှမဟုတ် အီရန်ကိုအမြန်ဆုံး အမြစ်ပြတ်ချေမှုန်းပစ်ပြီး နောက်ထပ်ဖျက်ဆီးခွင့် မပေးတော့ဘဲအဆုံးသတ်မလား။” ဆိုပြီး ထရန့်က ပြောခဲ့တာပါ။
လက်ရှိမှာ အီရန်နဲ့သဘောတူညီချက်မရသေးပေမယ့် လာမယ့်နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာတော့ သဘောတူညီချက်ရလာမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
အဲဒီအပြင် မိန့်ခွန်းထဲမှာကမ္ဘာလုံးဆိုင်ရာအစိုးရတည်ထောင်ရေးကိုပယ်ချခဲ့သလို ရုရှား-ယူကရိန်းငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ပေးမယ်၊ AI နည်းပညာပြိုင်ပွဲမှာအမေရိကန်အသာရအောင်လုပ်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။
အစည်းအဝေးပြင်ပမှာ အမေရိကန်တာဝန်ရှိသူတွေနဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့တို့ သုံးနာရီကြာဆွေးနွေးခဲ့ကြပြီး အလွန်အကျိုးရှိတဲ့တွေ့ဆုံမှုဖြစ်ခဲ့တယ်လို့လည်း ထရန့်ကသတင်းထောက်တွေကိုပြောပြခဲ့ပါတယ်။









