Border News Agency
ပုဏ္ဏားကျွန်း၊ဇွန် ၁၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဇွန်လ ၁၅ ရက်နေ့က ခရီးသည်တင်စက်လှေတစီး ရေစီးကြမ်းပြီး တိမ်းမှောက်ခဲ့လို့ လူ ၁၁ ဦး သေဆုံးသွားခဲ့ပါတယ်။
အဲဒီစက်လှေက ရသေ့တောင်မြို့နယ်၊ ကူတောင်ရွာကနေ ကျောက်တော်ကို လူ ၃၅ ဦး တင်ပြီး ထွက်လာတာဖြစ်ပြီး ပုဏ္ဏားကျွန်းနဲ့ ဦးရာဇ်တောင်စေတီကြားက ကင်းချောင်းမှာ မြုပ်သွားတာပါ။
အဲဒီ သေဆုံးသွားတဲ့ သူတွေကတော့ အသက် ၆၁ နှစ်အရွယ် ဒေါ်မသောင်း၊အသက် ၄၆ နှစ်အရွယ် ဒေါ်အမူချေ၊အသက် ၂၆နှစ်အရွယ် မနိုင်နိုင်ဝင်း၊အသက် ၅၀နှစ်အရွယ် ဒေါ်ရီရီဆန်း၊အသက် ၂၄ နှစ်အရွယ် မစိုးယုဝေ၊အသက် ၃၃ နှစ်အရွယ် ကိုဉာဏ်လင်းဝေ၊အသက် ၂၈ နှစ်အရွယ် ကိုမောင်ဇိ၊အသက် ၆၆ နှစ်အရွယ် ဦးခင်မောင်၊အသက် ၄၀ နှစ်အရွယ် ဦးသန်းကျော်စိန်၊အသက် ၄၄ နှစ်အရွယ် ဦးသိန်းကျော့ဝေ နဲ့ အသက် ၆၄ နှစ်အရွယ် ဦးမောင်သိန်းရွှေတို့ ဖြစ်ကြပါတယ်။
အာရက္ခဒေသမှာ မြစ်ချောင်းတွေ ပေါများသလို မိုးဦးကာလဆိုတော့ လေပြင်းတိုက်တာ၊ လှိုင်းထန်တာတွေကြောင့် စက်လှေမှောက်တဲ့ အဖြစ်အပျက်တွေက မကြာခဏ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ရေယာဉ်ပိုင်ရှင်တွေနဲ့ ခရီးသည်တွေကို မိုးလေဝသအခြေအနေကို ကြည့်ပြီးမှ သွားလာကြဖို့၊ လူနဲ့ ကုန်ပစ္စည်းတွေကို အလွန်အကျွံ မတင်ကြဖို့နဲ့ အသက်ကယ်အင်္ကျီတွေကို သေချာဝတ်ဆင်ပြီး သွားလာကြဖို့ကို အာရက္ခပြည်သူ့အစိုးရ ပို့ဆောင်ရေးဌာနကနေသတိပေး ထားပါတယ်။
အဲဒီအပြင် ရေကြောင်းခရီးသွားရင် အသက်ကယ်အင်္ကျီတွေကို မဖြစ်မနေ ဝတ်ဆင်သွားလာကြဖို့၊သတ်မှတ်လူဦးရေအတိုင်းပဲ တင်ဆောင်ဖို့နဲ့ စက်လှေမောင်းသူတွေ ကျွမ်းကျင်ဖို့ လိုအပ်တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးသမားတွေက တိုက်တွန်းထားကြပါတယ်။













































