Border News Agency
မောင်တော၊ စက်တင်ဘာ ၂၄။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှအာရက္ခဒေသသို့ တင်သွင်းနေတဲ့မုန့်ထုပ်တွေမှာသက်တမ်းကုန်ဆုံးရက်မပါတာနဲ့ ရက်လွန်မုန့်တွေပါဝင်နေတာကြောင့် စားသုံးဖို့ သင့်၊မသင့် သေချာစိစစ်ဖို့ လိုအပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အဲဒီမုန့်ထုပ်တွေဟာ သွင်းကုန်အခွန်ကင်းလွတ်ခွင့်ရရှိနေတာကြောင့် ကုန်သည်တွေကအများအပြားတင်သွင်းနေကြပေမယ့် အာရက္ခဒေသသို့ရောက်ရှိချိန်မှာ သက်တမ်းလွန်နေတာတွေရှိနေပြီး ကလေးငယ်တွေ အဓိကဝယ်ယူစားသုံးနေကြတာဖြစ်ပါတယ်။
အဲဒါကြောင့်အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန(FDA)က စားသင့်ရန် သင့်၊မသင့်ကို စစ်ဆေးပေးဖို့လိုအပ်နေတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
“ဘင်္ဂလားဒေ့ရှ်ကလာတဲ့ မုန့်ထုပ်တထုပ်ဝယ်စားတာအထဲမှာ မှိုစွဲနေတာတွေ့ပါတယ်။ ဒါကအရမ်းအန္တရာယ်များပါတယ်။ လူကြီးက မှိုစွဲနေတာကိုမြင်နိုင်ပေမယ့် ကလေးတွေကသိမှာမဟုတ်ပါဘူး။ စားမိမှာပါပဲ။ အဲဒါကြောင့်အစိုးရက စစ်ဆေးပေးကြဖို့ တောင်းဆိုပါတယ်။”လို့ မောင်တောမြို့ခံအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီလိုစိစစ်မှုအားနည်းတဲ့ မုန့်ထုပ်အများစုမှာ သက်တမ်းကုန်ဆုံးရက်ကို ဘင်္ဂလားဒေ့ရှ်စာနဲ့သာဖော်ပြထားတာကြောင့် စားသုံးသူတွေသတိမထားမိဘဲဝယ်ယူ စားသုံးမိရာမှမုန့်တွေမှိုစွဲနေတဲ့ ပြဿနာတွေနဲ့ကြုံတွေ့နေရကြတာလို့အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အဲဒါကြောင့်စားသုံးဖို့မသင့်တဲ့မုန့်တွေကြောင့် ပြည်သူတွေနဲ့ကလေးငယ်တွေအန္တရာယ်မဖြစ်စေဖို့အတွက် ဘင်္ဂလားဒေ့ရှ်မှ တင်သွင်းလာတဲ့မုန့်တွေကို အာရက္ခအစိုးရစိစစ်ကြပ်မတ်ပေးဖို့ လိုအပ်နေတယ်လို့ မောင်တောဒေသခံတွေကထောက်ပြနေကြပါတယ်။
“သွင်းကုန်မုန့်တွေကို စိစစ်ပြီးမှတင်သွင်းခွင့်ပြုဖို့လိုပါမယ်။ မုန့်ထုပ်တွေတင်သွင်းတာ စီးပွားရေးအတွက်ကောင်းပေမယ့် စားသုံးဖို့ မသင့်တော်တဲ့မုန့်တွေကို ကလေးတွေစားမိရင် အန္တရာယ်အလွန်များလို့ အတတ်နိုင်ဆုံးနယ်စပ်ဂိတ်ကနေ စားသုံးဖို့ သင့်၊ မသင့် စိစစ်ပြီးမှ တင်သွင်းတာ ကောင်းပါမယ်။”လို့ နောက်ထပ် မောင်တောမြို့ခံတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီအပြင်နယ်စပ်ဂိတ်တွေမှာ စားသုံးဖို့ သင့်၊မသင့်စိစစ်တဲ့စနစ်တွေ စနစ်တကျထားရှိမှသာ စားသုံးသူတွေဘေးကင်းလုံခြုံမယ်လို့လည်း အာရက္ခပြည်သူတွေကဆိုကြပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ အာရက္ခဒေသကို ဖြတ်လေးဖြတ်လုပ်ထားတာမို့ အာရက္ခဒေသကို အိမ်နီးချင်းနိုင်ငံတွေကတင်သွင်းနေပါတယ်။
အဲဒီအထဲက ဆေးဝါး၊အလှကုန်ပစ္စည်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန(FDA)က သုံးစွဲရန်သင့်၊မသင့် စိစစ်နေပါတယ်။







