Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၂၄။
မြန်မာနိုင်ငံရဲ့လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကိုဖြည့်ဆည်းဖို့အတွက် SMR အခြေပြု အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ထည့်သွင်းလျာထားတယ်လို့ သမ္မတတုမင်းအောင်လှိုင်ကပြောပါတယ်။
စက်တင်ဘာလ ၂၃ ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသားအဆင့်နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီအစည်းအဝေးမှာ သမ္မတတုမင်းအောင်လှိုင်က ခုလိုပြောခဲ့တာပါ။
စွမ်းအင်မူဝါဒအနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သဘာဝဓာတ်ငွေ့နဲ့ အခြားရင်းမြစ်တွေကို ပေါင်းစပ်သုံးစွဲမှာဖြစ်ပြီး နျူကလီးယားစွမ်းအင်ဟာ ရာသီဥတုအပေါ် မှီခိုရမှုမရှိဘဲ ၂၄ နာရီပတ်လုံး တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်တဲ့ အားသာချက်ရှိတယ်လို့လည်း သူကဆိုပါတယ်။
ဒါပေမယ့်လည်းစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ လျှပ်စစ်ဓာတ်အား မကြာခဏအချိန်ကြာမြင့်စွာ မီးဖြတ်တောက်မှုတွေနဲ့ ကြုံတွေ့နေရပြီး ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာပင် တနေ့ကိုနာရီပိုင်းမျှသာလျှပ်စစ်မီး ရရှိတဲ့ အခြေအနေသို့ရောက်ရှိနေတာဖြစ်ပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်ဟာ လျှပ်စစ်မီး ပုံမှန်မပေးနိုင်ပေမယ့် လျှပ်စစ်မီတာခတွေကိုတိုးမြှင့်ကောက်ခံတာ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ဓာတ်အားပေးစခန်းတွေ တိုက်ခိုက်ခံရမှုကြောင့် ပြုပြင်ဖို့ခက်ခဲနေတာတွေကြောင့် နေ့စဉ်လူမှုဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကြီးမားတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။






