Border News Agency
ကော့စ်ဘဇား၊ စက်တင်ဘာ ၂၉။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအခြေပြုလှုပ်ရှားနေကြတဲ့ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးတာမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က စက်တင်ဘာလ ၂၉ ရက်၊ ဒီနေ့ငြင်းဆိုလိုက်ပါတယ်။
အာရက္ခတပ်တော်(AA)စွပ်စွဲထားသလို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးတာ၊ ဆက်သွယ်တာတွေမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်လှုပ်ရှားမှုတွေကိုအမြစ်ဖြတ်ဖို့ စီမံဆောင်ရွက်ခဲ့ပြီးအာဆာခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်တချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါဟာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို တည်ငြိမ်အေးချမ်းရေးအတွက် ခြိမ်းခြောက်မှုအဖြစ် သဘောထားကြောင်းသက်သေပြနေတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဟာ ခွင့်ပြုချက်မရှိတဲ့လက်နက်ကိုင်အဖွဲ့တွေကို နှင်ထုတ်ဖို့နဲ့နယ်စပ်ဒေသတွေမှာ အခြေစိုက်မှုကိုအမြစ်ဖြတ်ဖို့ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲ့တာဝန်ဟာ နယ်စပ်ကိုလုံခြုံစေရန်၊ ဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန်နဲ့သန်းချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံကျွေးမွေးရတဲ့ဝန်ထုပ်ဝန်ပိုးကို စီမံခန့်ခွဲဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းအကြမ်းဖက်မှုတွ ပျံ့နှံ့မလာစေဖို့နတ်မြစ်နဲ့ နယ်စပ်တောင်တန်းဒေသတွေမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တွေဟာ စောင့်ကြပ်မှုတွေပိုမိုတိုးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
ကော့ဘဇား၊ ဘန်ဒရိုဘန်တလျှောက်မှာနယ်ခြားစောင့်တပ်ဖွဲ့ဝင် တွေနေရာအနှံ့တပ်စွဲထားပြီး ၂၄ နာရီ စောင့်ကြပ်ကြည့်ရပြီး ခြောက်နာရီအလှည့်ကျတာဝန်ထမ်းဆောင်စေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ခြေလျင်တပ်ဖွဲ့တွေ၊ အရံတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ထားပြီး အမြင့်ဆုံးအဆင့်ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(Border Guard Bangladesh – BGB)က အစွန်းရောက်စစ်သွေးကြွဝါဒ အားပေးတဲ့အကျင့်ပျက်အရာရှိတချို့ ရဲ့အားပေးထောက်ခံမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရရှိထားကြတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွ အကြမ်းဖက်အဖွဲ့တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်တွေနဲ့ ပတ်သက်ပြီးစက်တင်ဘာလ ၂၇ ရက်၊ မနေ့က ထုတ်ပြန်ချက်မှာ အာရက္ခတပ်တော်က ဆိုထားတာပါ။
အဲဒီရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေဟာ စစ်ရေး၊ ထောက်ပံ့ရေးအကူအညီတွေ အပြည့်အဝရယူထားသလို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်စခန်းတွေအနီးမှာ အကြမ်းဖက်တပ်စခန်းတချို့ကို အခိုင်အမာ အခြေစိုက်တပ်စွဲခွင့်ရရှိထားပြီး အဲဒီအခြေပြုနေရာတွေကတဆင့် အာရက္ခဒေသအတွင်းသို့ ဝင်ရောက်အကြမ်းဖက်လှုပ်ရှားနေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအခြေစိုက်တပ်စခန်းတွေက အာရက္ခပြည်တွင်းသို့ ဝင်ရောက်ပြီး အာရက္ခပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေကြသလို အာရက္ခတပ်တော်ရဲ့နယ်စပ်လုံခြုံရေးတပ်စခန်းတချို့ကိုလည်း အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွ အဖွဲ့တွေဝင်ရောက်တိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီအကြမ်းဖက်အဖွဲ့တွေကို ခွင့်ပြုထောက်ပံ့ကူညီအားပေးအားမြှောက်ပြုနေကြတဲ့ အိမ်နီးနားချင်းတဖက်နိုင်ငံမှ အစွန်းရောက်စစ်သွေးကြွဝါဒ အားပေးအကျင့်ပျက်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်အရာရှိတချို့နဲ့စစ်သွေးကြွလှုပ်ရှားမှုအပေါ် ထောက်ခံအားပေးနေကြသူတချို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အမြန်ဆုံးဖော်ထုတ်အရေးယူတယ်လို့ အာရက္ခတပ်တော်က ဆိုပါတ ယ်။
အဲဒီလိုအရေးယူထိန်းကျောင်းမှုမရှိဘဲ ခုလိုဆက်လွှတ်ပေးထားမယ်ဆိုရင် နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ဆက်ဆံရေးကို ထိခိုက်စေနိုင်ပြီး နှစ်ဖက်တင်းမာမှုကိုလည်း ပိုမိုမြင့်တက်လာစေနိုင်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အာရက္ခ – ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တကျော့ပြန်စခန်းထလာတဲ့ ရိုဟင်ဂျာအမည်ခံအကြမ်းဖက်လှုပ်ရှားမှုအန္တရာယ်ဟာ အာရက္ခဒေသတွင်းနေပြည်သူလူထုတရပ်လုံးရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်စေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဒေသတွင်းနိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ၊ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့နိုင်ငံခြားသားတွေရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်ကိုလည်း သွယ်ဝိုက်ခြိမ်းခြောက်ရာရောက်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း သေချာစောင့်ကြည့်ဝိုင်း ဝန်းစောင့်ကြပ်ထိန်းသိမ်းပေးကြစေလိုတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအခြေစိုက်ပြီး ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေလှုပ်ရှားနေကြသလို ဒုက္ခသည်စခန်းတွေက အင်အားငါးသောင်းထိစုဆောင်ပြီး စစ်သင်တန်းတက်အကြမ်းဖက်တိုက်ခိုက်ကြဖို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ညွှန်ကြားထားတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အင်အားနှစ်သောင်းခန့်ထိစစ်သင်တန်းတက်ရောက်ထားကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအခြေပြုလှုပ်ရှားနေကြပေမယ့် မောင်တောခရိုင်ကို ဝင်ရောက်သိမ်းယူဖို့ကြိုးစားနေကြတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။






