Border News Agency
သီပေါ၊ အောက်တိုဘာ ၅။
တအာင်းပြည်၊ တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့၊ ဇတ်စုရပ်ကွက်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်ဆယ့်သုံးလုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က တိုက်လေယာဥ်တစီးနဲ့ အောက်တိုဘာ ၄ရက်၊ မနေ့က ညနေ ၈နာရီခွဲအချိန်မှာ ပေါင်နှစ်ရာငါးဆယ်ဗုံးလေးလုံးနဲ့ သီပေါမြို့၊ ဇတ်စုရပ်ကွက်ကို တလုံး၊ က အ.ထ.က (၂) စာသင်ကျောင်းကို တလုံး၊ ကျောင်းစုရွာဘဏ္ဍဘုန်းကြီးကျောင်းကို နှစ်လုံးဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်းတကျောင်း၊ ဘုန်းကြီးကျောင်းတကျောင်းနဲ့ လူနေအိမ်ဆယ့်သုံးလုံးပျက်စီးသွားခဲ့တယ်လို့ ပြောဆိုကြပါတယ်။
အဲဒီအပြင်စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၄ရက် တနေ့တည်းမှာ သီပေါမြို့နယ်အတွင်းက ဇတ်စုရပ်ကွက်ကိုသာမက မန်ဟဲရွာ၊ အုံမုရွာ၊ ကျင်သီရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းကျေးရွာကိုလည်း အောက်တိုဘာလ ၄ရက်၊ မနေ့က နေ့လယ် ၁၂နာရီကျော်အချိန်မှာ လေကြောင်းကနေပေါင်နှစ်ရာငါးဆယ်ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့လို့ ကလေးငယ်နှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ဒေသခံပြည်သူတွေဟာ လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့လိုအပ်နေတယ်လို့လည်း ဆိုကြပါတယ်။












