Border News Agency
အိန္ဒိယ၊ ဇွန် ၁၂။
အိန္ဒိယနိုင်ငံမှာ အနာဂတ်အတွက် လူသားတွေရဲ့အိမ်မှုကိစ္စတွေကို လုပ်ဆောင်ပေးနိုင်မယ့် AI စက်ရုပ်တွေကို လေ့ကျင့်ပေးဖို့အတွက် အိန္ဒိယအိမ်ရှင်မတွေနဲ့ လုပ်သားတွေဟာ သူတို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို ရိုက်ကူးပြီး AI ကုမ္ပဏီတွေကို ရောင်းချနေကြပါတယ်။
အိမ်ရှင်မတဦးဖြစ်တဲ့ နာဂီရက်ဒီဆရီရာမချန်ဒရာဟာ ခေါင်းမှာ စမတ်ဖုန်းကိုတပ်ဆင်ပြီး သရက်သီးလှီးတဲ့ပုံစံမျိုးကို ရိုက်ကူးပေးတာနဲ့တစ်နာရီကို ရူပီး ၂၅၀ ($2.6) ရရှိနေတာပါ။
ဒီလိုမျိုးလူသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို ရိုက်ကူးထားတဲ့ “egocentric data” လို့ခေါ်တဲ့ ဗီဒီယိုတွေကို AI မော်ဒယ်တွေထဲ ထည့်သွင်းလေ့ကျင့်ပေးတာက စက်ရုပ်တွေကို လူသားတွေလိုပဲ အမူအရာတုပနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ AI လိုအပ်တဲ့ ဒေတာတွေကို ဖန်တီးပြုပြင်ပေးတဲ့ ကမ္ဘာ့ဗဟိုချက်တခုအဖြစ် ရပ်တည်လာနေပြီး အနာဂတ်မှာ စက်ရုပ်ဈေးကွက်က ပိုမိုကြီးထွားလာမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမယ့်လည်း ဒီနည်းပညာက လူတွေရဲ့ အလုပ်အကိုင်တွေကို စက်ရုပ်တွေက အစားထိုးသွားမယ့်အန္တရာယ်ရှိတယ်လို့လည်း ပညာရှင်တွေက သတိပေးထားပါတယ်။
”ကျွန်မရဲ့ အလုပ်မျိုးကိုလုပ်ရမယ့် နောက်မျိုးဆက်သစ်တွေအတွက်တော့ ဒါဟာအခက်အခဲတခု ဖြစ်လာနိုင်တယ်။” လို့ နှစ်ပေါင်းများစွာ ပန်းကုံးသီလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ အသက် ၅၅ နှစ်အရွယ် ပွန်နီကပြောပါတယ်။
အိန္ဒိယအစိုးရရဲ့ အစီရင်ခံစာအရလည်း AI ကြောင့် ရုံးလုပ်သားတွေတင်မကဘဲ အိန္ဒိယနိုင်ငံရဲ့ကျောရိုးဖြစ်တဲ့ အလွတ်သဘောလုပ်သားထု (informal workers) တွေရဲ့ အလုပ်အကိုင်တွေပါ ထိခိုက်နိုင်ခြေရှိတယ်လို့ ဖော်ပြထားပါတယ်။
AI နည်းပညာ တိုးတက်လာတာနဲ့အမျှ လုပ်သားတွေဟာ သူတို့ရဲ့ အလုပ်အကိုင်တွေကို ကိုယ်တိုင်စက်ရုပ်တွေဆီ ပြန်လည်သင်ပေးနေရတဲ့ ထူးဆန်းတဲ့ အခြေအနေတရပ်ကို ရင်ဆိုင်နေရပါတယ်။
ဒီနည်းပညာက လူသားတွေရဲ့ ဘဝကိုပိုမိုလွယ်ကူစေနိုင်ပေမယ့် အလုပ်အကိုင်ဆုံးရှုံးမယ့်သူတွေအတွက် ဘယ်လိုပြန်လည်ကူညီပေးမလဲဆိုတာကတော့ အကြီးမားဆုံးစိန်ခေါ်မှုတခု ဖြစ်လာပါတော့မယ်။
















