Border News Agency
မောင်တော၊ ဇူလိုင် ၂၇။
မောင်တောမြို့နယ်ရှိ ရွာချင်းဆက်လမ်းတွေမှာ အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးလုပ်ဆောင်ရာ ဇူလိုင်လ ၂၅ ရက်နေ့က မြေမြှုပ်မိုင်း ခုနှစ်ဆယ်ခြောက်လုံး ရှင်းလင်းနိုင်ခဲ့ပါတယ်။
အဲဒီမိုင်းတွေဟာ အာဏာသိမ်းစစ်တပ်နဲ့ အကြမ်းဖက်သမားတွေထောင်ထားခဲ့တဲ့ M-14 မြေမြှုပ်မိုင်းတွေဖြစ်ပြီး ဧတာလျာ၊ ဇင်ပိုင်ညာ၊ ဇူလာ ကျေးရွာသွားလမ်းတွေမှာ ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့ကလည်း M-14 မြေမြှုပ်မိုင်းသုံးဆယ်ငါးလုံးကို အာရက္ခတပ်တော်က ရှင်းလင်းခဲ့ပါသေးတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေလုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရတာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။














