Border News Agency
ဒါကာ၊ အောက်တိုဘာ ၇။
ရိုဟင်ဂျာအရေးမှာခိုင်မာတဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပံ့ပို့ပေးတာမို့ တူရကီနိုင်ငံကိုအလေးအနက်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆိုပါတယ်။
လေးကြိမ်မြောက်နိုင်ငံရေး နှီးနှောဖလှယ်မှုနဲ့ပတ်သက်ပြီး အောက်တိုဘာလ ၇ ရက်၊ ဒီနေ့ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ဖော်ပြထားတာပါ။
တူရကီနိုင်ငံရဲ့ဒုနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ သံကိုယ်စားလှယ်အေဘာရ်ရစ်အီကင်စီ (A. Berris Ekinci )ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်သံကိုယ်စား လှယ်အာဆဒ်အာလမ်ဆီယမ် ( Asad Alam Siam)နဲ့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံမှုမှာ အချက် ၁၄ ချက်ကို နှစ်နိုင်ငံပူးတွဲထုတ်ပြန်ခဲ့ပြီး ရိုဟင်ဂျာအရေးနှစ်ချက်ပါဝင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဇူလိုင်တော်လှန်ရေးဖြစ်နေချိန် တူရကီနိုင်ငံဟာ ကော့ဘဇားရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဆေးဝါးကုသရေးစခန်းတွေ ဖွင့်ပေးထားပါတယ်။
ကျန်းမာရေးဆိုင်ရာကဏ္ဍတွေမှာ လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုတွေဆက်လုပ်ဖို့ နှစ်ဖက်သဘောထားအမြင်တွေ ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ရိုဟင်ဂျာတွေဟာ သူတို့မိခင်နိုင်ငံကို ဂုဏ်သိက္ခာရှိစွာ၊ လွတ်လပ်စွာပြန်နိုင်ဖို့ လတ်တလောလိုအပ်ချက်တွေမှာလည်း နှစ်ဖက်သဘောထားအမြင်တွေ ဖလှယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
နယူးယောခ့်မှာကျင်းပခဲ့တဲ့ အကြိမ် ၈၀ မြောက်ကုလအထွေထွေညီလာခံ ရိုဟင်ဂျာအရေးအဆင့်မြင့်ဆွေးနွေးပွဲမှာ တူရကီနိုင်ငံက တက်ကြွစွာဆောင်ရွက်မှုတွေကိုလည်း ဝမ်းမြောက်ရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆိုပါတယ်။
အကြမ်းဖက်ပုံစံအမျိုးမျိုးနဲ့ ဝါဒဖြန့်ချီမှုတွေကို တန်ပြန်တိုက်ဖျက်ရာမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးအကြံပေးအမ်ဒီတူဟစ်ဟူစိန် (Md Touhid Hussain)နဲ့ တွေ့ဆုံရာမှာလည်း တူရကီသံကိုယ်စားလှယ်အေဘာရ်ရစ်အီကင်စီ (A. Berris Ekinci ) က ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအပေါ် တူရကီကအလေးထားတယ်လို့ ပြောပါတယ်။