Border News Agency
စစ်ကိုင်း၊ အောက်တိုဘာ ၂၀။
စစ်ကော်မရှင်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စက်တင်ဘာလအတွင်း စစ်ကိုင်းနဲ့ချင်းမှာ အမျိုးသမီးတွေ ဘေးကင်းလုံခြုံမှုကင်းမဲ့လာပြီး ကိုယ်စိတ်နှစ်ပါးထိခိုက်မှုတွေ ပိုမိုကြုံတွေ့နေရတယ်လို့ Women for justice က အောက်တိုဘာ လ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ မုဒိန်းကျင့်သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေပြီး အမျိုးသမီးတွေဟာ စိတ်ဒဏ်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေ ပိုမိုပြင်းထန်လာနေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းနဲ့ချင်းမှာ ခစက်တင်ဘာလထိ အမျိုးသမီးတွေအပေါ် ဂျန်ဒါအခြေပြုအကြမ်းဖက်မှု ငါးဆယ်ရှစ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စက်တင်ဘာလမှာ အမှုခုနှစ်မျိုးဖော်ထုတ်နိုင်ခဲ့ပြီး ကာမလိမ်လည်မှုသုံးမျိုး၊ အိမ်တွင်းအကြမ်းဖက်မှုသုံးမျိုး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တမျိုးစတဲ့အမှုတွေကို ဆက်သွယ်ရေးအခက်အခဲကြားက ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလအတွင်းမှာ လေကြောင်းကိုးကြိမ်ထိတိုက်ခိုက်ခဲ့လို့ အရပ်သားသုံးဆယ်လေးဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီသေဆုံးသူအများစုဟာ အမျိုးသမီးတွေဖြစ်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ နေအိမ်မီးရှို့မှုတွေလ ည်း တပြိုင်တည်းဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒကပုလဲ၊ ကနီ၊မုံရွာ၊ ဆားလင်းကြီး၊ ရွေဘိုနဲ့ကလေးမြို့နယ်တွေမှာ လေကြောင်း၊ ရေကြောင်းနဲ့ကုန်းကြောင်းထိုးစစ်ဆင်မှုတွေကို အပြင်းအထန်လုပ်ဆောင်နေပြီး ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် သေဆုံးမှုအများအပြားရှိနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီဒေသက ပြည်သူတွေနေရပ်စွန့်ခွာတိမ်းရှောင်သူ တသိန်းခန့်ရှိနေပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အမိုးအကာ၊ ဆေးဝါးနဲ့ တကိုယ်ရည်အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
အဲဒီပြင် စစ်ကော်မရှင်တပ်ဟာ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်ရာဒေသတွေက ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့လည်းဆိုပါတယ်။






