Border News Agency
အမေရိကန်၊ဇွန် ၁၆။
အမေရိကန်လေတပ်ပိုင် B-52H ဗုံးကြဲလေယာဉ်တစ်စင်းဟာ ကာလီဖိုးနီးယားပြည်နယ်၊ မိုဟာဗီသဲကန္တာရထဲက အက်ဒ်ဝပ်စ် လေတပ်စခန်းမှာ ဇွန်လ ၁၅ ရက်၊မနက်ပိုင်းက ပျက်ကျခဲ့ပြီ လေယာဉ်ပေါ်ပါသွားသူ ၈ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။
အဲဒီလေယာဉ်ဟာ ရေဒါစနစ်သစ် စမ်းသပ်ဖို့အတွက် ပျံတက်ပြီးပြီးချင်း မနက် ၁၁ နာရီ မိနစ် ၂၀ လောက်မှာတင် ပျက်ကျ မီးလောင်ခဲ့တာပါ။
အဲဒီလေယာဉ်ပေါ်မှာ စစ်မှုထမ်းတွေ၊ အရပ်သားတွေနဲ့ ဘိုးအင်း (Boeing) ကုမ္ပဏီက ဝန်ထမ်းတွေ ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ လေတပ်စခန်းရဲ့ ဒုတိယတပ်မှူးကပျက်ကျတဲ့ ဗီဒီယိုတွေကို ကြည့်ရသလောက် ဘယ်သူမှ အသက်ရှင်ကျန်ရစ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အတည်ပြု ပြောကြားထားပါတယ်။
ဒီဖြစ်ရပ်ဟာ ၂၀၁၆ ခုနှစ် ဂူအမ်ကျွန်းက ဖြစ်စဉ်နောက်ပိုင်း ၁၀ နှစ်အတွင်းမှာ အဆိုးရွားဆုံး B-52 လေယာဉ်ပျက်ကျမှု ဖြစ်ပါတယ်။
လက်ရှိမှာတော့ လေယာဉ် ဘာကြောင့် ပျက်ကျရသလဲဆိုတာကို အဖွဲ့ဖွဲ့ပြီး စုံစမ်းနေသလို စစ်ဆေးမှုတွေက ၆ လလောက်အထိ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။










