Border News Agency
ကျောက်ဖြူ၊ အောက်တိုဘာ ၂၆။
အာရက္ခတပ်တော်(AA)နဲ့ စစ်ကော်မရှင်တပ်ကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်ဖြူမြို့နယ်မှာ အောက်တိုဘာလ ၂၅ ရ က်နေ့၊ မနေ့က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ လူငယ်နှစ်ဦးဒ ဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာမှ အသက်ဆယ့်ငါးနှစ်အရွယ် မောင်ငြိမ်းချမ်းစိုး၊ အသက်ဆယ့်ကိုးနှစ်အရွယ် ကိုစောဝင်းနိုင်ဒဏ်ရာရသွားကြတာပါ။
သူတို့နှစ်ဦးဟာ အောက်တိုဘာလ ၂၃ ရက်နေ့က သိုင်းချောင်းရွာနဲ့ ပြားကျွိန်ရွာကြားမှာရှိတဲ့ (ဒေသခေါ်)ပလောင်ချောင်းဝန်းကျင်မှာ ငှက်ထောင်ဖမ်းဖို့သွားခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီအချိန် စစ်ကော်မရှင်တပ်ဟာ ပလောင်ချောင်းအနီးကို နှစ်ကြိမ်လေကြောင်းတိုက်ခိုက်တာကြောင့် ဒဏ်ရာရသွားခဲ့တယ်လို့ဆိုကြပါတယ်။
သူတို့နှစ်ဦးမှာ ဒဏ်ရာတွေရသွားခဲ့တာမို့ ဆေးကုသမှုခံယူနေရတယ်လို့ ရွာသားတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာနဲ့ ရွှေပြည်သစ်ထောင့်ရွာကိုလည်း အောက်တိုဘာလ ၂၄ ရက်နေ့က ပါရာမော်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ နေအိမ်နှစ်ဆောင်ပျက်စီးသွားခဲ့ပါတယ်။
အဲဒီအပြင် ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာကိုလည်း အောက်တိုဘာ လ ၁၂ ရက်နေ့က လက်နက်ကြီးပစ်ခတ်လို့ ဦးမျိုးသူအောင်နဲ့ ဒေါ်ဝင်းမိုးနွယ်တို့ရဲ့သား အသက်သုံးနှစ်အရွယ် မောင်ပိုးရွှေလမင်းခြေထောက်မှာ ဒဏ်ရာရသွားခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကော်မရှင်တပ်စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ခတ်တာတွေ လေကြောင်းတိုက်ခိုက်မှုတွေ တိုက်ခိုက်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ် ရည်ရွယ်ချက်ရှိရှိရေကြောင်း၊လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။






