Border News Agency
မောင်တော၊ အောက်တိုဘာ ၂၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာမှာ လက်နက်ကိုင်အကြမ်းဖက်သမားတွေဖမ်းသွားတဲ့ အမျိုးသမီးငယ်တဦးအပါအဝင် ရွာသားသုံးဦးကို ရှာမတွေ့သေးဘူးလို ကျေးရွာသားတွေက ဆိုကြပါတယ်။
အဲဒီသုံးဦးဟာကျေးရွာအနီး၊ မယူတောင်ခြေမှာ အောက်တိုဘာလ ၂၄ ရက်နေ့က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့ထိ ပြန်မတွေ့
သေးတာပါ။
အဲဒီကျေးရွာသားတွေဟာ မယူတောင်တန်းကြီးနေရာတချို့မှာ လိုက်ရှာနေကြပေမယ့်လုံးဝရှာမတွေ့ကြသေးဘူးလို့ ကျေးရွာသားတွေက ဆိုကြပါတယ်။
“ရှာနေကြတာတော့ မနေ့ကဖမ်းခံရတာကို သိတဲ့အချိန်ကနေ ရှာနေကြတာ။ ဒီနေ့လည်းရှာနေကြတယ်။ အာဆာတွေမှာက သေနတ်တွေနဲ့ဆိုတော့ ရှာသာရှာနေကြရတာ။ ကြောက်လန့်မှုတွေလည်း ရှိကြတယ်။” လို့ ကင်းချောင်းကျေးရွာသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကင်းချောင်းကျေးရွာက အသက်ဆယ့်နှစ်အရွယ် အမျိုးသမီးငယ် မငြိမ်းစန္ဒာ၊ အသက်နှစ်ဆယ်နှစ်နှစ်အရွယ် မောင်ထွန်းအေး၊ အသက်လေးဆယ်တနှစ်အရွယ် ဦးမောင်ဘထွန်းကို လက်နက်ကိုင်အကြမ်းဖက်သမားတွေ ဖမ်းသွားတာဖြစ်ပါတယ်။
အဲဒါကြောင့်အသက်အပြည့်သေးတဲ့ အမျိုးသမီးငယ်ပါသွားတာမို့ မိသားစုဝင်တွေပိုပြီးစိုးရိမ်နေကြတယ်လို့ ကျေးရွာသားတွေက ဆိုကြပါတယ်။
“ကလေးတယောက်ပါသွားတော့ မိဘတွေမှာရင်ကွဲနေကြတယ်။ ခုလည်း ငိုယိုလို့။ ဆွေမျိုးတွေကလည်း ပူဆွေးနေကြတယ်။ ကြားနေရတဲ့သတင်းတွေအတိုင်း အာဆာဖမ်းသွားရင် အသက်ရှင်လွတ်မြောက်လာသူကမရှိတော့ ပိုပြီးပူဆွေးသောကရောက်နေကြတယ်။” လို့ ကင်းချောင်းကျေးရွာ ကျောင်းထိုင်ဆရာတော် အရှင်ဦးကော်ဝိဒက Border News Agency ကို မိန့်ကြားပါတယ်။
အဲဒီကင်းချောင်းကျေးရွာဟာ မောင်တောမြိုနယ်၊ သုံးမိုင် – အလယ်သံကျော်ကားလမ်းမှာတည်ရှိပြီး ကျေးရွာအရှေ့ဖက်မှာ မယူတောင်တန်းကြီး တည်ရှိပါတယ်။
အဲဒီမယူတောင်တန်းကြီးရဲ့ တောင်ခြေမှာကျေးရွာသားတွေကို လက်နက်ကိုင်အကြမ်းဖက်သမားတွေ ဖမ်းသွားတာဖြစ်ပြီးမယူတောင်တန်းကြီးကို ကျော်ဖြတ်လိုက်ပါက ဘူးသီးတောင်မြို့နယ်၊ ညောင်းချောင်းကျေးရွာသို့ ရောက်ပါတယ်။
အဲဒီ မောင်တောမြို့နယ်မှာ လက်နက်ကိုင်အကြမ်းဖက်လှုပ်ရှားမှုတွေ ပိုများလာနေပြီး ဒေသခံအရပ်သားပြည်သူတွေ သတ်ဖြတ်ဖမ်းဆီးပြန်ပေးဆွဲခံရတာတွေ မကြာခဏ ခံနေကြရပါတယ်။
(ဓာတ်ပုံ – အကြမ်းဖက်သမားတွေ ဖမ်းသွားတဲ့အသက်ဆယ်နှစ်အရွယ် မငြိမ်းစန္ဒာ / ပေးပို့)






