Border News Agency
မိုးမိတ်၊ အောက်တိုဘာ ၂၇။
မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ နေအိမ်တလုံးပျက်စီးသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မန်ကျည်းပင်ကျေးရွာကို စစ်ကော်မရှင်တပ်ဟာ ဒီနေ့နေ့လည် ၁၂ နာရီ ၂၃ မိနစ်အချိန်က လေကြောင်းမှပေါင်၅၀၀ ဗုံးတလုံး၊ ပေါင်၂၅၀ဗုံးတလုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တလုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၆ ရက်နေ့ထိ လေကြောင်း၊ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကလေးဆယ်ဦး၊ အမျိုးသားဆယ့်ခြောက်ဦးနဲ့၊ အမျိုးသမီးနှစ်ဆယ့်တဦး၊ စုစုပေါင်းလေးဆယ်ခုနှစ်ဦးသေဆုံးခဲ့ပြီး၊ ကလေးနှစ်ဆယ့်ငါးဦး၊ အမျိုးသားဆယ့်ကိုးဦး၊ အမျိုးသမီးဆယ့်ကိုးဦး သံဃာတော်နှစ်ပါး၊ စုစုပေါင်းခြောက်ဆယ်ငါးဦး ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နေအိမ်တရာ့ခုနှစ်ဆယ်၊ စာသင်ကျောင်းငါးကျောင်း၊ ဘုန်းကြီးကျောင်းခြောက်ကျောင်း၊ ကျောင်းဆောင်ရှစ်ဆောင်၊ အဆောက်အဦးခြောက်ခု၊ ဆိုင်ခန်းငါးခန်း၊ လက်ဖက်စက်ရုံတရုံ၊ ဆိုင်ကယ်လေးစီးနဲ့ ကားဆယ်စီးပျက်စိီးသွားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေစစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ကြပါတယ်။
တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ဆိုပါတယ်။









