Border News Agency
စစ်တွေ၊ အောက်တိုဘာ ၂၈။
အာရက္ခဒေသမှ ပြည်ပနိုင်ငံတွေဆီသို့ ရွှေ့ပြောင်းထွက်ခွာမှုမှာ အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက်သိသာစွာ ပိုမိုများပြားနေတယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။
သူတို့ကောက်ယူခဲ့တဲ့ ၂၀၂၄ခုနှစ်၊ သန်းခေါင်စာရင်းမှာဖော်ပြထားပါတယ်။
ရခိုင်ကပြည်ပသို့ ရွှေ့ပြောင်းသူအမျိုးသားဦးရေတထောင်မှာ အမျိုးသမီးဦးရေ တထောင်ခုနှစ်ဆယ်ခြောက်ဦးနှုန်းရှိတယ်လို့ ဆိုပါတယ်။
ဒေသတွင်းမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် ပြည်ပသို့အလုပ်အကိုင်ရှာဖွေထွက်ခွာသူများပြားမှုတွေထဲက အမျိုးသမီးရွှေ့ပြောင်းလုပ်သားတွေရဲ့ လွှမ်းမိုးမှုဟာ ပိုမိုအား ကောင်းလာတာလို့လည်း ဆိုပါတယ်။
အဲဒီလိုအားကောင်းလာတာဟာ ဒေသတွင်းအမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေ၊ အလုပ်အကိုင်မရှိသလောက်နည်းပါးနေလို့ မိသားစုစားဝတ်နေရေးဖြေရှင်နိုင်ဖို့ ငွေကြေးနဲ့အလုပ်အကိုင်တွေရရှိနိုင်တဲ့ ပြည်ပကိုထွက်ခွာလာတွေကြောင့် ဖြစ်တယ်လို့ဆိုကြပါတယ်။
“ဒေသတွင်းမှာက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့မတူဘူး။ သူတို့အတွက် အလုပ်အကိုင်မရှိဘူး။ အခွင့်အလမ်းတွေလည်း နည်းတယ်။ အလုပ်ဆိုရင်လည်း မိုးတွင်းကာလတခုပဲကောက် စိုက်ရတာ။ စားဝတ်နေရေးခက်ခဲတဲ့ မိသားစုတွေကျအဆင်မပြေဘူး။ ဒီတော့ အမျိုးသမီးတွေလည်း ပြည်ပကိုထွက်တာများလာနေတာ…။” လို့ ကျောက်တော်ဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
စစ်ရေးပဋိပက္ခတွေကြောင့် ဒေသတွင်းစစ်ပွဲဒဏ်နဲ့ ကြုံရတာထက်စာရင် ပြည်ပမှာ လုံခြုံမှုတွေရှိလို့ ပြောင်းရွေ့သူများပြားနေတာလို့ ဆိုကြပါတယ်။
ပြည်တွင်းရွှေ့ပြောင်းမှုနဲ့ပတ်သက်လို့ ပုံစံနှစ်မျိုးနဲ့ခွဲခြားထားပြီး နေရပ်မှတခြားဒေသသို့ ရွှေ့ပြောင်းသူ ကျား၊ မ ကွာခြားချက်မှာအပေါင်း ၃၅ ရှိရာ အမျိုးသမီးဦးရေ ပိုများပြားနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီအပြင် မွေးဖွားတဲ့နယ်မြေနဲ့ ပဋိပက္ခမူတွေရင်ဆိုင်ရတဲ့နယ်မြေက ရွှေ့ပြောင်းမှုတွေမှာ အမျိုးသားဦးရေကပိုများနေပြီး ကွာခြားချက်မှာအနှုတ် ၆၆ နဲ့ အနှုတ် ၇၄ အသီးသီးရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်ပကိုရွေ့ပြောင်းတဲ့အမျိုးသားဦးရေ တထောင်မှာ အမျိုးသမီးဦးရေဘယ်လောက် ပိုမိုများပြားတယ်ဆိုတာကိုတိုင်းတာတဲ့ ကျား၊ မ ကွာခြားချက်မှာ အပေါင်း ၇၆ ထိ မြင့်မားနေတယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်း၊ ပြည်ပနေရပ်စွန့်ခွာသူတွေ ပိုမိုများပြားနေပြီး နေ့စဥ်နေရပ်စွန့်ခွာသူတွေရှိနေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။






