Border News Agency
မင်းပြား၊ နိုဝင်ဘာ ၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့ကို နိုဝင်ဘာလ ၇ ရက်၊ ည ၈ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရသွားကြပါတယ်။
အဲဒီမင်းပြားမြို့၊ မြို့သစ်ရပ်ကွက်ကို နိုဝင်ဘာလ ၇ ရက်နေ့ညက စစ်ကော်မရှင်တပ် ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒါကြောင့်မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်က အသက်လေးဆယ့်ခြောက်နှစ်အရွယ် မောင်သန်းဌေး၊ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်က အသက်ဆယ့်ခုနှစ်နှစ်အရွယ် မခိုင်စန်းရွှေ၊ အသက်ဆယ်နှစ်အရွယ် မသိင်္ဂီကျော်၊ မင်းပြားမြို့မှာ စစ်ဘေးရှောင်နေတဲ့ မြေပုံမြို့နယ်၊ အလယ်ကျွန်းရွာက အသက်ငါးဆယ့်သုံးနှစ်အရွယ် ဦးဦးမောင်သန်းနဲ့သားဖြစ်သူ အသက်သုံးဆယ်အရွယ် ကိုသန်းမောင်ဌေး သေဆုံးသွားကြပါတယ်။
အဲဒီအပြင်မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်က အသက်ဆယ့်နှစ်နှစ်အရွယ် မောင်မင်းဟိန်းစိုး၊ အသက်ခုနှစ်ဆယ့်နှစ်နှစ်အရွယ် ဦးစံသိန်း၊ အသက်ခုနှစ်ဆယ့်ခုနှစ်နှစ်အရွယ် ဒေါ်ကြည်ကြည်၊ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် မသဇင်နွယ်နဲ့ အသက်သုံးဆယ့်နှစ်နှစ်အရွယ် မညိုညိုအေး၊ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်က အသက်ဆယ့်ကိုးနှစ်အရွယ် မောင်မြင့်စိုး၊ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်ရွာက အသက်ဆယ့်ရှစ်နှစ်အရွယ် မဦးခိုင်ဝင်း၊ မြေပုံမြို့နယ်၊ သရက်ချောင်းရွာက အသက်နှစ်ဆယ့်လေးနှစ်အရွယ် မဝင်းဝင်းစိုး၊ ပေါက်တောမြို့နယ်၊ ကံမြင့်ရွာကအသက်လေးဆယ့်ကိုးနှစ်အရွယ် ဒေါ်နုဝင်းခင် ဒဏ်ရာရသွားကြပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရသွားကြသလို လူနေအိမ်သုံးဆောင်လည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။
အဲဒီအပြင်ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာသုံးရွာကို နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကော်မရှင်တပ်တိုက်ခိုက်လို့ ငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့၊မနက် ၁၁ နာရီအချိန်ခန့်က စစ်တွေအခြေစိုက်တပ်ရင်းကတိုက်ခိုက်လို့ ကွမ်းတောင်ကျေးရွာက အသက်ငါးဆယ့်ငါးနှစ်အရွယ် ဦးသန်းမောင်ဒဏ်ရာရသွားတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကိုလည်း နိုဝင်ဘာလ ၇ ရက် ၊ ဒီနေ့၊ နေ့လည်၁၁ နာရီ ၂၀ မိနစ်အချိန်က စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်လို့ ဒေါ်လှရွှေနုဗုံးစထိမှန်ပြီး ညာဖက်ပေါင်ဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာကို နိုဝင်ဘာလ ၇ ရက်၊ ဒီနေ့၊ မနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းတိုက် ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ မကြာခဏသေဆုံးဒဏ်ရာရနေကြပါတယ်။






