Border News Agency
ပလက်ဝ၊ နိုဝင်ဘာ ၁၄။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) က နိုဝင်ဘာလ ၁၄ ရက်၊ ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။
အဲဒီဝမ်းပျက် ၊ဝမ်းလျော့ရောဂါတွေ မဖြန့်ပွားဖို့ လိုက်နာဆောင်ရွက်ရမယ့် ရှောင်ရန်၊ ဆောင်ရန်နည်းလမ်းတွေကို အာရက္ခပြည်သူကျန်းမာရေးဌာနက အသိပေး ထားတာပါ။
အဲဒီထဲမှာ ချောင်းရေ၊ မြစ်ရေတွေကို မသောက်ဖို့၊ အရေးပေါ်သောက်သုံးဖို့ လိုအပ်ရင်ကျိုချက်ပြီးမှ သောက်သုံးဖို့၊ လက်ကိုဆပ်ပြာနဲ့ သန့်စင်အောင်ဆေးကြော ဖို့၊ ယင်ကောင်တွေနားနေတဲ့ အစားအစာတွေကို မစားသုံးဖို့ စတာတွေကို အသိပေးထားပါတယ်။
အဲဒီအပြင် အေးစက်တဲ့အစားအစားတွေကိုရှောင်ပြီး ပူပူနွေးနွေးအစားအစာတွေကို စားသုံးဖို့၊ ယင်လုံအိမ်သာတွေဆောက်လုပ်သုံးစွဲဖို့၊ အိမ်သာတက်ပြီးတိုင်း လက်ကို သန့်စင်အောင်ဆေးကြောဖို့၊ မြစ်၊ချောင်းတွေမှာမစင်စွန့်တာတွေမလုပ်ဖို့၊ ဝမ်းပျက်ဝမ်းလျောဖြစ်နေရင် ဓာတ်ဆားကိုအရေးပေါ်သောက်သုံးဖို့၊ နီးစပ်တဲ့ ကျန်းမာရေးဌာနတွေမှာ ဆေးကုသမှုခံယူဖို့ စတာတွေကို အသိပေးထားပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်က ဒေသခံတွေနဲ့ကုန်သည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ နိုဝင်ဘာလ ၁၂ ရက်နေ့က အာ ရက္ခကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ပလက်ဝခရိုင်၊ ရှင်းလက်ဝတိုက်နယ်မှ ဒေသခံတွေနဲ့ ကုန်သည်စုစုပေါင်းသုံးရာဟာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကူးစက်ရောဂါကူးစပ် ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီရောဂါတွေဟာ အိန္ဒိယနိုင်ငံ၊ လုံတလိုင်ခရိုင်မှ ကာကီကျေးရွာ၊ တွီတင်းကျေးရွာ၊ လုံတင်းကျေးရွာတွေမှ အစပျိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကူးစက်ခံရတဲ့ အရပ်သားသုံးရာထဲမှ သုံးဆယ်ဦးကို ကျန်းမာလာအောင်ထိ ကုသပေးခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ဟာ ပလက်ဝခရိုင်မှ ဒေသအစိုးရအဖွဲ့အစည်းတွေ၊ NGO၊ CSO တွေနဲ့ပူးပေါင်းပြီး ဆေးကုသရေးလုပ်ငန်းတွေ၊ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်ရေးလုပ်ငန်းတွေ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ဆိုပါတယ်။






