Border News Agency
တီးတိန်၊ နိုဝင်ဘာ ၂၀။
ချင်းပြည်၊ တီးတိန်မြို့နယ်၊ ထုတ်လိုင်ကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ ကျောင်းဆောင်တွေနဲ့ ခရစ်ယာန်ဘုရားကျောင်းဆောင်တခုပျက်စီးသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီထုတ်လိုင်ကျေးရွာကို နိုဝင်ဘာလ ၂၀ ရက်၊ ဒီနေ့ မနက် ၁၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ထုတ်လိုင်ကျေးရွာရှိခရစ်ယာန်ဘုရားကျောင်းနဲ့ အခြေခံပညာအထက်တန်းရှိကျောင်းဆောင်လည်း ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ စာသင်ကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းကိုရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပျက်စီးသွားခဲ့ရပြီး အရပ်သားထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီထုတ်လိုင်ကျေးရွာဟာ အိမ်ခြေတရာကျော်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ထုတ်လိုင်ကျေးရွာအုပ်စုမှာ ကျားနှစ်ရာ့ရှစ်ဦး၊ မ နှစ်ရာ့ငါးဆယ်နှစ်ဦး၊ လူဦးရေ စုစုပေါင်းလေးရာ့ခြောက်ဆယ်နေထိုင်ကြတာပါ။














