အင်တာဗျူး
Border News Agency
မြောက်ဦး၊ နိုဝင်ဘာ ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့နယ်ကစစ်ဘေးရှောင်တွေ အကူအညီတွေလိုအပ်နေကြပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအပါအဝင် အဝတ်အထည်တွေ၊ဆေးဝါးအကူအညီတွေလိုမပ်နေကြတာလို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။
အဲဒီမြောက်ဦးမြို့နယ်မှစစ်ဘေးရှောင်အမျိုးသမီးတဦးကို Border News Agency က မေးမြန်းထားပါတယ်။
“အခက်အခဲဆိုတာတော့… ထမင်းစားဖို့မရှိပါ။ ဆန်လည်းမရှိပါ။ ထင်းလည်းမရှိပါ။ အိမ်မှာကလည်းအဆင်မပြေပါ။ အိမ်မှာသားသမီးတွေကကျောင်းမတက်ရပါ။ ပြောရမယ်ဆိုရင်ကိုယ့်နေမကောင်းဖြစ်ရင်တောင်ဆေးတလုံးမမြင်ဖူးပါ။ ဝါးတလုံးမမြင်ဖူးပါ။ ဆေးလေးတလုံးသောက်ချင်လို့မသောက်ရပါ။ သူများဆီကစေတနာရှိမှပေးမှပါ။ ဒုက္ခမှာအကြီးအကျယ်ဒုက္ခရောက်နေပါတယ်။ အငတ်ငတ်အမွတ်မွတ်ပါ။”
“အဲဒီတော့ပြောလိုက်မယ်ဆိုရင် ဆန်တပြည်စားမယ့်နေရာမှာနှစ်လုံးပဲစားပြီးသားသမီးတွေဆားနဲ့စားလို့ ဒုက္ခခံနေရပါတယ်။ ကျောင်းတက်မယ့်ဟာကလည်းကျောင်းလခတွေကမဆင်မပြေပါ။ အခက်အခဲဆိုတာမှာ ပြောဖို့တောင်မလိုတော့ပါဘူး။ အားလုံးအခက်အခဲပါ။ ခုဆောင်းရာသီကျလာရင် စောင်တွေမရှိ ခြင်ထောင်မရှိ အိပ်ရာခင်းမရှိဖြစ်နေတာပါ။ ချက်စားဖို့အိုးခွက်မရှိပါ။ အဲဒီလောက်ထိ ဝဋ်လိုက်နေကြပါတယ်။ အကြီးအကျယ်ဆိုတာမှာအဲဒီထက်ကြီးကျယ်ဖို့လည်းရှိတော့မှာမဟုတ်ပါဘူး။”
“စားဝတ်နေရေးရုန်းကန်တယ်ဆိုတာမှာ အလုပ်လည်မရှိပါ။ လုပ်ရမယ့်အလုပ်ကလည်းမရှိပါ။ အကိုင်လည်းမရှိပါ။ ရုန်းကန်လို့လည်းမရပါ။ ရုန်းကန်လို့မရတော့ သူများဆီကတောင်းစားရပါတ ယ်။ အလှူခံရပါတယ်။ အဲဒီလောက်ထိ ဟိုလူဆီကတောင်းလိုက်၊ ဒီလူဆီကတောင်းလိုက်၊ မိသားစုဆိုရင် ဆန်တပြည်ပေးပါဦး။ ဒီလူမိသားစုဆီက ဆန်တပြည်ပေးပါဦး။ အဲဒီလိုတောင်းစားနေရတဲ့ဘဝပါ။ အလှူခံရပါတယ်။အလှူခံရတာထက်ဆိုးပါတယ်။”
“ကူညီတာတော့ဒီနှစ်ကသိပ်မရှိပါဘူး။ ကြာပြီလေးငါးလတော့ရှိပြီထင်ပါတယ်။ ရှစ်သောင်းတခေါက်ပေးလာပါတယ်။ ကြာပြီ ဆန်နှစ်တောင်းနဲ့နှမ်းဆီတဗူး၊ ဆားတပိဿာ ပေးလာတာတော့ မိုးတွင်းကနှစ်လသုံးလ၊ လေးလ၊ ငါးလလောက်တော့ရှိပြီထင်ပါတယ်။”
“အဲဒါတော့မိုးတွင်းကပေးလာတာပါ။ ဆန်နှစ်တောင်းနဲ့ နှမ်းဆီတဗူး၊ ဆားတပိဿာ ပြီးတော့အရင်နှစ်ရက်သုံးရက်က တအိမ်ထောင်စီ ပိုက်ဆံရှစ်သောင်းပေးလာပါတယ်။ ဒါပေမယ့် ပိုက်ဆံရှစ်သောင်းနဲ့ မိသားစုစားလို့ကအဆင်မပြေပါ။”
“မိသားစုတွေက လေးငါးခြောက်ယောက်ဆိုတော့ တထပ်မှာချက်လိုက်မယ်၊ စားလိုက်မယ်ဆိုရင် ဆန်ခြောက်ဗူး၊ ခုနှစ်ဗူးချက်ရပါတယ်။ ဒါပေမယ့် ခုတော့ ဆန်နှစ်ဗူး၊ သုံးဗူးပဲချက်စားနေရပါတယ်။ မဝပါဘူး။ ငါးနဲ့လည်းမစားရပါဘူး။ အဲဒီတော့… အဲဒီထမင်းတွေ၊ငါးတွေရလာပေမယ့် ထည့်ဖို့ဆီကလည်းမရှိပါ။ ဆားကလည်းမရှိပါ။ အချိုမှုန့်ကမစားရပါ။ အချိုမှုန့်ထည့်ရင်လည်းတပွင့်နှစ်ပွင့်လောက်၊ နှမ်းဆီဆိုရင်လည်းငါးဆယ်ဖိုး၊ ငါးဆယ်ဖိုးကိုတောင် ပိုက်ဆံငါးဆယ်မရှိတဲ့နေ့ကများပါတယ်။ နှမ်းဆီမရှိဘဲစား၊ နှမ်းဆီနဲ့စားရမယ့်ငါးကိုလည်း နှမ်းဆီမပါဘဲစားရပါတယ်။ စားရတော့… ဒုက္ခဆိုတာမှာ အရမ်းဒုက္ခရောက်ပါတယ်။”
“စားရေးသောက်ရေးကလုံးဝအဆင်မပြေပါဘူး။ ဘယ်လိုမှကို အဆင်မပြေပါဘူး။ ငတ်နေကြပါတယ်။ ဘယ်လိုအကူအညီလည်းဆိုတော့…စားရေးသောက်ရေးအဆင်ပြေအောင် ကိုယ့်မှာထောက် ပံ့ကြေးလေးနည်းနည်းပါးပါးလောက်လိုချင်ပါတယ်။ စားရေးသောက်ရေးလည်းအဆင်မပြေပါ။ ကိုယ့်မှာထောက်ပံ့ကြေးလေးပေးရင် ပေးနိုင်ပါစေလို့ဆုတောင်းပါတယ်။”






