Border News Agency
နေပြည်တော်၊ ဇွန် ၁၀။
အမျိုးသားရေဥပဒေကိုရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သမ္မတတုက ပြောလိုက်ပါတယ်။
ဇွန်လ ၉ ရက်နေ့ကနေပြည်တော်မှာ ကျင်းပတဲ့အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။
အဲဒီကော်မတီကနေ လုပ်ငန်းတာဝန် ၁၂ ရပ်ကိုအကောင်အထည်ဖော်နေပြီးတော့ ရေအရင်းအမြစ်တွေကို ထိထိရောက်ရောက် သုံးနိုင်ဖို့နဲ့ နွေရာသီမှာဖြစ်လေ့ရှိတဲ့ ရေရှားပါးမှု၊ ရာသီဥတုကြောင့် မြစ်ရေနည်းပါးမှု ပြဿနာတွေကို ဖြေရှင်းဖို့ စီမံချက်တွေ ချမှတ်ထားတယ်လို့ သမ္မတတုက ဆိုပါတယ်။
ဒါ့အပြင် ရေဘေးအန္တရာယ်ကြောင့် ဖြစ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေကို လျော့နည်းအောင် လုပ်ဆောင်တာနဲ့ ရေအရင်းအမြစ်တွေ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းတာကိုလည်း အလေးထား လုပ်နေတယ်လို့ လည်းဆိုပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ မြစ်ကြီး ၄ သွယ်အပါအဝင် မြစ်ချောင်း၊ရေကန်တွေကနေ နှစ်စဉ် ရေချိုဧကပေ သန်း ၈၀၀ကျော် စီးဆင်းနေပေမယ့် လက်ရှိမှာတော့ အဲဒီပမာဏရဲ့ အနည်းငယ်ကိုသာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ သုံးနိုင်သေးတယ်လို့ သမ္မတတုက ထောက်ပြပါတယ်။
ရေချိုအရင်းအမြစ်တွေကို ရေရှည်ထိန်းသိမ်းဖို့နဲ့ အသုံးချဖို့အတွက် အနိမ့်တမံတွေ တည်ဆောက်တာ၊ ရေအားလျှပ်စစ်ထုတ်တာ၊ မြို့ရောကျေးရွာပါသောက်သုံးရေ ရရှိရေးနဲ့ ရေဆိုင်ရာ ထုတ်ကုန်တွေကို စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ အလားအလာတွေကိုပါ ရှာဖွေကြဖို့ လိုတယ်လို့လည်းဆိုပါတယ်။














