Border News Agency
မြဝတီ၊ ဇူလိုင် ၂၇။
ကရင်ပြည်၊ မြဝတီမြို့တောင်ပိုင်းရှိ တိုက်ပွဲတွေအတွင်းမှ အာဏာသိမ်းစစ်သားခြောက်ဦး လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကျားသစ်နက်စစ်ကြောင်းက ဇူလိုင်လ၂၆ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီမြဝတီတောင်ဘက်ရှိ ဖလူးနဲ့မင်းလက်ပံအနီးတဝိုက်မှာ KNU/KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့အကြားတိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က မြေပြင်နဲ့ ဝေဟင်အင်အားတွေသုံးပြီးစစ်ကြောင်းထိုးနေပေမယ့် တော်လှန်ရေးတပ်တွေဘက်မှ အသာစီးရထားပြီး စစ်တပ်ဘက်မှ အရာရှိနဲ့တပ်သားတွေထိခိုက်သေဆုံးမှု များပြားနေတယ်လို့လည်းဆိုပါတယ်။
ကျားသစ်နက်စစ်ကြောင်းဟာ အာဏာသိမ်းစစ်တပ်အင်အားလျော့ကျစေဖို့ တန်ပြန်တိုက်ခိုက်မှုတွေလုပ်နေချိန်ဖြစ်လို့ မြေပြင်သတင်းအမှားတွေကို အလျင်စလိုဖြန့်ဝေတာမလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။











