Border News Agency
ဘန်ကောက်၊ ဇူလိုင် ၂၈။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နောင်ခဲခရိုင်ရှိ ဖက်ခါဆမ်လမ်းပေါ်မှာ တရားမဝင်လာတဲ့မြန်မာလုပ်သားငါးဦးနဲ့ မြန်မာယာဉ်မောင်းနှစ်ဦးကို ဇူလိုင်လ ၂၇ ရက်နေ့က ထိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။
အဲဒီယာဥ်ထိန်းရဲတပ်ဖွဲ့ဟာ အရက်သေစာစစ်ဆေးရေးဂိတ်မှာ မသင်္ကာဖွယ်မော်တော်ယာဉ်တစီးကိုစစ်ဆေးရာမှ ရှေ့ခန်းမှာလိုက်ပါလာတဲ့ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် မြန်မာယာဉ်မောင်းနဲ့ အသက်သုံးဆယ်သုံးနှစ်အရွယ် မြန်မာတဦးကိုတွေ့ခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ကားအတွင်းမှာကျပ်ညပ်စွာထိုင်လိုက်ပါလာကြတဲ့ မြန်မာလုပ်သားငါးဦးကိုလည်းစစ်ဆေးခဲ့ရာ ခရီးသွားစာရွက်စာတမ်းမပါပဲတွေ့ခဲ့ရပါတယ်။
အဲဒီယာဉ်မောင်းဖြစ်သူက မြန်မာလုပ်သားတွေကိုကန်ချနဘူရီနယ်စပ်မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး စမွတ်ပရာကန်ခရိုင်သို့ပို့ပေးဖို့ တဦးကိုဘတ်ကိုးရာနှုန်းနဲ့ သဘောတူခဲ့တာလို့ထွက်ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာယာဉ်မောင်းနှစ်ဦးနဲ့ မြန်မာလုပ်သားငါးဦး စုစုပေါင်းခုနှစ်ဦးလုံးကို ဥပဒေအရ အရေးယူနိုင်ဖို့ နောင်ခမ်းဖလူရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားပါတယ်။












