Border News Agency
အမေရိကန်၊ဇွန် ၁၀။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်နဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ပြောလိုက်ပြီး နာရီပိုင်းအကြာမှာပဲ လက်ဘနွန်နိုင်ငံ တိုင်ယာမြို့ကို အစ္စရေးက လေကြောင်းကနေ ဗုံးကြဲလိုက်လို့ လူ ၈ ဦး သေဆုံးသွားခဲ့ပါတယ်။
အစ္စရေးစစ်တပ်က တိုင်ယာမြို့မှာရှိတဲ့ လူတွေကို ချက်ချင်းထွက်သွားဖို့ အမိန့်ထုတ်ပြီးမှ အခုလို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရင်က တိုက်ခိုက်မှုတွေမရှိခဲ့တဲ့ ခရစ်ယာန်ရပ်ကွက်တွေအထိပါ ပစ်မှတ်ထားလာတာပါ။
သမ္မတထရမ့်ကတော့ အီရန်နဲ့ ချုပ်ဆိုမယ့်စာချုပ်ဟာ အလွန်ကောင်းမွန်တဲ့ စာချုပ်ဖြစ်လာမှာဖြစ်ပြီး စာချုပ်ချုပ်ပြီးတာနဲ့ ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေးမှာလို့ ပြောပါတယ်။
ဒါ့အပြင် အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုကိုလည်း “သတိထားပါ၊မဟုတ်ရင် မင်းတယောက်တည်းပဲ ရင်ဆိုင်ရလိမ့်မယ်” လို့ သတိပေးထားတယ်လို့ သိရပါတယ်။
အခုဆိုရင် အီရန်နဲ့ အစ္စရေးတို့က အပြန်အလှန် တိုက်ခိုက်တာကို ရပ်ထားပေမယ့်အစ္စရေးဘက်က လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာတွေကို ဆက်တိုက်ခိုက်သွားမယ်လို့ ပြောထားပါတယ်။
အီရန်ဘက်ကတော့ ငြိမ်းချမ်းရေးစာချုပ် ဖြစ်လာဖို့ဆိုရင် လက်ဘနွန်မှာ တိုက်ခိုက်တာတွေ အဆုံးသတ်ရမယ်လို့ တောင်းဆိုထားပါတယ်။
မတ်လ ၂ ရက်နေ့ကစပြီး လက်ဘနွန်မှာ အစ္စရေးရဲ့ ထိုးစစ်တွေကြောင့် သေဆုံးသူစုစုပေါင်း ၃,၆၆၆ ဦးအထိ ရှိလာပြီဖြစ်ပြီး ဒဏ်ရာရသူကတော့ ၁၁,၀၀၀ ကျော်သွားပြီလို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။









