Border News Agency
ဖရူဆို၊ ဒီဇင်ဘာ ၄။
ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းတနေရာမှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုတသားတည်းရှိနေကြောင့် ပြသဖို့အတွက်တွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF) တပ်ရင်း ၄ ကထုတ်ပြန်ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၂၉ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်ပေါင်းစုတွေဖြစ်ကြတဲ့ KA ၊KNPDP ၊ KNPLF တာဝန်ရှိသူတွေနဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC မြို့နယ်တာဝန်ရှိသူတွေတက်ရောက်ခဲ့သလို ပြည်သူလူထုခြောက်ရာကျော် ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာ တိုင်းရင်းသားတွေကိုကိုယ်စားပြုတဲ့ ကယာ၊ ကယန်း၊ ကယော၊ မနော၊ ပရဲ့၊ ဂေဘား အမျိုးသားအလံတွေလွှင့်ထူထားပြီး စစ်ကြောင်းချီတက်တာ၊ အလံအလေးပြုတာ၊ သစ္စာအဓိဌာန်ရွတ်ဆိုတာ၊ အာဇာနည်သူရဲကောင်းတွေကို အလေးပြုတာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ကရင်နီဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေစည်းလုံးညီညွတ်ရေး၊ ပိုမိုကောင်းမွန်တဲ့စနစ်နဲ့ အရွေ့တခုကို သွားနိုင်ရေး၊ မတရားဖိနှိပ်မှုတွေကို ပြည်သူတွေနားလည်သဘောပေါက်ပြီး တော်လှန်ရေးမှာလူထုပါဝင်နှုန်းမလျော့ကျဘဲ ဆက်လက်ပံ့ပိုးနိုင်ရေးအတွက်ရည်ရွယ်ပြီး ပြုလုပ်တာလို့ဆိုပါတယ်။





















