Border News Agency
ဘင်္ဂလားဒေ့ရှ်၊ဇွန် ၂၈။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံဘက်သို့ တရားမဝင်မှောင်ခို ခိုးထုတ်မယ့် ဘိလပ်မြေအများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့(Bangladesh Coast Guard)က ဇွန်လ ၂၇ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ ဘိလပ်မြေတွေကို ဇွန်လ ၂၇ ရက်နေ့မှာကမ်းခြေစောင့်တပ်ဖွဲ့ကပတ္တန်ဂါနယ်မြေအတွင်း မှောင်ခိုကူးသန်းမှုတားဆီးနှိမ်နင်းရေး အထူးစီမံချက်အရစီးနင်းရှာဖွေရာကနေ သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီ မှောင်ခိုသမားတွေဟာဘိလပ်မြေတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံဘက်သို့ ရေလမ်းကြောင်းကတဆင့် တရားမဝင်ကုန်သွယ်ဖို့ ကြိုးပမ်းနေချိန်မှာ ကမ်းခြေစောင့်တပ်ဖွဲ့က အချိန်မှီ ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။
ခုစစ်ဆင်ရေးဟာ နယ်စပ်ဒေသလုံခြုံရေးနဲ့ တရားမဝင်ကုန်သွယ်မှုတွေကို ထိရောက်စွာ တားဆီးနိုင်ဖို့အတွက် ကမ်းခြေစောင့်တပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့အနေနဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးသန်းမှုတွေ လုံးဝပပျောက်သွားစေဖို့အတွက် ရေပိုင်နက်အတွင်း ကင်းလှည့်စောင့်ကြည့်စစ်ဆေးမှုတွေကို ခုထက်ပိုပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘိလပ်မြေတွေ၊စက်သုံးဆီတွေ၊ဓာတ်မြေသြဇာတွေကို ပြည်ပသို့ တင်ပို့ရောင်းချခွင့်တားမြစ်ကန့်သတ်ထားတာဖြစ်ပါတယ်။










