Border News Agency
စစ်ကိုင်း၊ ဒီဇင်ဘာ ၂၁။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ စစ်ကော်မရှင်တပ်က ကျေးရွာခုနှစ်ရွာမှ နေအိမ်နှစ်ရာကျော်ကို မီးရှို့ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ ကဒီဇင်ဘာလ ၂၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ ယင်းမာပင်မြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာခုနှစ်ရွာမှ နေအိမ်နှစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်လာတဲ့ အင်အားတရာ့ငါးဆယ်ခန့်ပါ စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၆ ရက်နေ့က အောင်ဇေယျအကျိုးကုန်းကတဆင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေကခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်ကော်မရှင်တပ်ဘက်က ဆယ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေအများအပြားရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဒဏ်ရာရသွားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာလည်း ကျောက်မှော်၊ ကျောက်ကုန်း၊ နှောပင်၊ ကျွန်းပေါ်၊ အင်းဘက်၊ ကြက်လျှာနဲ့ပတိန်ပြင်စတဲ့ ကျေးရွာတွေမှ နေအိမ်နှစ်ရာ့နှစ်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားထောင်နဲ့ ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းဆိုပါတယ်။













