Border News Agency
ပဲခူး၊ ဇန်နဝါရီ ၁၁။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့ မဲရုံနှစ်ရုံကို တော်လှန်ရေးတပ်တွေ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေး ပကဖက ဇန်နဝါရီလ ၁၁ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီမိုင်းဖောက်ခွဲတိုက်ခိုက်တာကို ဇန်နဝါရီလ ၁၀ ရက်နဲ့ ဒီနေ့မှာလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမင်းလှမြို့နယ်၊ လက်ပံရေကျော်အုပ်စုရှိ အမှတ် ၁ မဲရုံမှာလုံခြုံရေးယူထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေအဝင်အထွက်လုပ်တဲ့လမ်းကို ဇန်နဝါရီလ ၁၀ ရက်၊ ညနေအချိန်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မင်းလှမြို့၊ လမ်းမတော်လမ်း တရုတ်ကျောင်းမဲရုံအနီးကို ဇန်နဝါရီ ၁၁ ရက်၊ ဒီနေ့မနက် ၄ နာရီကျော်အချိန်က ထပ်ပြီးမိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို မင်းလှမြို့နယ် ပကဖနဲ့အတူ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ အုတ်ဖိုမြေအောက်ပြောက်ကျားအဖွဲ့ ရဲဘော်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ပြုလုပ်နေတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တာကြောင့် ပြည်သူတွေအနေနဲ့ မဲမပေးဘဲဆန့်ကျင်ကြဖို့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေနဲ့ အားပေးကူညီသူတွေကိုလည်း ပြင်းပြင်းထန်ထန်ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။






