Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၁၇။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့မှာရှိတဲ့ ICJ တရားရုံးမှာဂမ်ဘီယာနဲ့ တရားရင်ဆိုင်နေရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းတွေကို အစအဆုံး အပြည့်အဝလိုက်နာနေတယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်လို့ အထူးအလေးထားသလို တရားရုံးကခိုင်းထားတဲ့ ကြားဖြတ်စီမံဆောင်ရွက်မှု အစီရင်ခံစာတွေကိုလည်း ပုံမှန်တင်ပေးနေပြီး သတ်မှတ်ထားတဲ့အချိန်တွေကိုလည်း အတိအကျ လိုက်နာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးစာချုပ်မှာ ၁၉၄၉ ခုနှစ်ကတည်းက ပါဝင်ခဲ့တဲ့အတွက် အခုစွပ်စွဲချက်တွေကို ဥပဒေကြောင်းအရတာဝန်သိသိနဲ့ ခုခံသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတာ အဆိုးဝါးဆုံးရာဇဝတ်မှုဖြစ်လို့ နိုင်ငံမှာအမည်းစက်အတင်မခံရအောင် ကာကွယ်ဖို့ကအစိုးရရဲ့တာဝန်ဖြစ်ပြီး နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် ရိုးရိုးသားသားနဲ့ အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။






