Border News Agency
ဂရင်း၊ ဇန်နဝါရီ ၁၉။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ ဂရင်းလန်းကျွန်းကို သိမ်းယူမယ့်အစီအစဉ်အပေါ် ဒေသခံပြည်သူတွေနဲ့အတူ ဥရောပရှစ်နိုင်ငံကပါပူးပေါင်းပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဆန္ဒပြသူတွေဟာ “ဂရင်းလန်းဟာ ရောင်းရန်မဟုတ်ဘူး” ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ကန့်ကွက်ခဲ့ကြသလို ဒေါ်နယ်ထရမ့်က ဂရင်းလန်းကိုဝယ်ယူဖို့ကြိုးစားတာကို ဆန့်ကျင်တဲ့ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ယူနိုက်တက်ကင်းဒမ်း၊ နယ်သာလန်နဲ့ ဖင်လန်နိုင်ငံတွေအပေါ် အမေရိကန်ကအခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်လိုက်တာကြောင့် အခြေအနေတွေ ပိုဆိုးလာခဲ့တာပါ။
အမေရိကန်ဘက်ကနေ ဥရောပသွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုကို အဆင့်နှစ်ဆင့်နဲ့လုပ်ဆောင်သွားဖို့ပြင်ဆင်နေပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ၁၀ ရာခိုင်နှုန်း၊ ဇွန်လ ၁ ရက်နေ့မှာတော့ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။
အဲဒီလိုအခွန်တိုးမြှင့်မယ့်အပေါ် ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေက ဘရပ်ဆဲလ်မြို့မှာ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီး အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကိုတုံ့ပြန်ဖို့ ဒေါ်လာဘီလီယံတရာကျော်တန်ဖိုးရှိတဲ့ အခွန်တုံ့ပြန်မှုအစီအစဉ်တွေကိုပါ ဆွေးနွေးထားကြပါတယ်။
ဒီလိုတင်းမာမှုတွေဟာ နေတိုး (NATO) မဟာမိတ်နိုင်ငံတွေကြားမှာ ယုံကြည်မှုတွေကိုလျော့နည်းစေပြီး အာတိတ်ဒေသရဲ့လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုပါထိခိုက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
အမေရိကန်အတွက်တော့ ဂရင်းလန်းကျွန်းဟာ စစ်ရေးဗျူဟာအရရော သဘာဝသယံဇာတကြွယ်ဝမှုအရပါ အလွန်အရေးပါတဲ့ နေရာတခုဖြစ်နေတာပါ။
အမေရိကန်နဲ့ ဥရောပကြားဖြစ်ပွားနေတဲ့ ဒီစီးပွားရေးတင်းမာမှုတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးအပေါ် ဘယ်လောက်အထိ ရိုက်ခတ်လာမလဲဆိုတာကို လူအများကစိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။
အဲဒါကြောင့် လက်ရှိမှာနိုင်ငံတကာဆက်ဆံရေးနဲ့ စီးပွားရေးနယ်ပယ်မှာ ဒီကိစ္စကအတော်လေး ဂယက်ရိုက်ခတ်နေတဲ့ သတင်းတခုဖြစ်နေပါတယ်။
ဒီဆန္ဒပြပွဲတွေနဲ့ အခွန်ကိစ္စတွေက အမေရိကန်နဲ့ ဥရောပသမဂ္ဂကြားဆက်ဆံရေးကို အလှည့်အပြောင်းဖြစ်စေနိုင်တဲ့အတွက် နောက်ဆက်တွဲအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။













