Border News Agency
ကလေး၊ ဇွန် ၁၅။
ကလေး-တမူးလမ်းကြောင်းပေါ်ရှိ ရာဇဂြိုဟ်ကျေးရွာနဲ့ရာဇဂြိုဟ်ရေလှောင်တမံကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဇွန်လ ၁၄ ရက်နေ့ကထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာဇွန်လ ၇ ရက်နေ့ကစပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာကနေ ဇွန်လ ၁၃ ရက်မှာ ရာဇဂြိုဟ်ရွာကို၊ ၁၄ ရက်နေ့မှာတော့ ရေလှောင်တမံကို ပြန်လည်သိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီနေရာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်စခန်းအဖြစ်အသုံးပြုခဲ့ပြီး ဒေသခံတွေအတွက် လိုအပ်တဲ့ရေနဲ့ လျှပ်စစ်မီးရရှိမှုကို အသုံးချခဲ့တယ်ဆိုပြီး စွပ်စွဲထားပါတယ်။
ဒါ့အပြင်ကလေး-တမူးလမ်းကြောင်းပေါ်မှာ ငွေကြေးကောက်ခံတာ၊ အကြမ်းဖက်မှုတွေကျူးလွန်တာနဲ့ ကျေးရွာတွေကိုစစ်စခန်းအဖြစ် အသုံးပြုခဲ့လို့ ဒေသခံတွေရဲ့ လူမှုစီးပွားဘဝထိခိုက်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ လမ်းကြောင်းပြန်လည်ဖွင့်လှစ်ဖို့နဲ့ နယ်မြေလုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့ လည်းဆိုပါတယ်။




















