Border News Agency
ထိုင်း၊ ဇွန် ၁၅။
ထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ကိုင်ခွင့် (Work Permit) ရှိထားရုံနဲ့ ကြိုက်တဲ့အလုပ်ကို ရွေးချယ်လုပ်ကိုင်လို့မရတာကို အလုပ်သမားဝန်ကြီးဌာနကနေ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိနေရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ မှားယွင်းတဲ့ယူဆချက်တွေကို ပြင်ဆင်နိုင်ဖို့အတွက် ထိုင်းနိုင်ငံသားတွေအတွက်ပဲ သီးသန့်ကန့်သတ်ထားတဲ့ အလုပ်အကိုင် ၁၀ မျိုးကို ဥပဒေအရရှင်းရှင်းလင်းလင်း သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
အဲဒီတားမြစ်ထားတဲ့ လုပ်ငန်းတွေကတော့ လမ်းဘေးဈေးသည်အဖြစ် လုပ်ကိုင်တာ၊ ပွဲစားလုပ်ငန်းတွေ၊ အလှအပရေးရာဝန်ဆောင်မှုပေးတာ၊ ထိုင်းရိုးရာအနှိပ်နဲ့ စပါး (Spa) ဝန်ဆောင်မှု၊ မော်တော်ယာဉ်မောင်းနှင်တာ၊ ဧည့်လမ်းညွှန်အဖြစ်လုပ်ကိုင်တာ၊ ဥပဒေရေးရာဝန်ဆောင်မှုပေးတာ၊ လက်ရက်ကန်းလုပ်ငန်း၊ ရိုးရာလက်မှုလုပ်ငန်းတွေလုပ်ကိုင်တာနဲ့ လုံခြုံရေးဝန်ထမ်းအလုပ်တွေပဲ ဖြစ်ပါတယ်။
အဲဒီလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်မပြုတာက ထိုင်းနိုင်ငံသားတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းကို ကာကွယ်ပေးဖို့ရည်ရွယ်တာဖြစ်ပြီး အခုလိုတားမြစ်ထားတဲ့အလုပ်တွေကို ခိုးလုပ်ရင်းစစ်ဆေးတွေ့ရှိပြီဆိုရင်တော့ ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေကို ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိဒဏ်ရိုက်မယ့်အပြင် ပြည်နှင်ဒဏ်ပေးမှာဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားခြင်းကိုလည်း ၂ နှစ်အထိ ပိတ်ပင်သွားမှာဖြစ်ပါတယ်။
အလုပ်သမားတဦးချင်းစီအတွက် ဘတ်၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်မှာဖြစ်ပြီး ထပ်မံကျူးလွန်ရင် ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ဘတ် ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ဒဏ်ငွေဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တဲ့အပြင် နိုင်ငံခြားသားအလုပ်သမား ငှားရမ်းခွင့်ကိုပါ ၃ နှစ်အထိ ပိတ်ပင်သွားမှာဖြစ်ပါတယ်။










