Border News Agency
ကျိုက်ထို၊ ဇန်နဝါရီ ၂၈။
ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇန်နဝါရီလ ၂၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ အလူးကြီးရွာ၊ ဖိုးဝါးသိမ်ရွာနဲ့ ညောင်ထောက်ရွာဝန်းကျင်ကို ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်ကော်မရှင်တပ် လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို ပစ်ခတ်ခဲ့လို့ အလူးကြီးရွာကအသက်ငါးဆယ်ကိုးနှစ်အရွယ် နော်အေးဝင်းနဲ့အသက်သုံးနှစ်အရွယ် မိုးရွှေစင်တို့သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ် နော်သော်တာမှာလည်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သလို နေအိမ်တလုံးမီးလောင်ပျက်စီးကာ သီးနှံစိုက်ခင်းတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ ဇန်နဝါရီလ ၂၆ ရက် ည၉ နာရီခွဲအချိန်မှာ အမှတ်-၄၄ ခြေ မြန်တပ်မဌာနချုပ်လက်အောက်ခံ ခမရ-၃ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးသုံးလုံး နဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။









