Border News Agency
ထိုင်း၊ ဇန်နဝါရီ ၂၉။
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကာလအတွင်း အရက်သေစာရောင်းချတာနဲ့ သောက်စားတာတွေကို ဥပဒေအရ တင်းကျပ်စွာ တားမြစ်ထားတယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ ရွေးကောက်ပွဲကော်မရှင် (ECT)က ဇန်နဝါရီလ ၂၈၊ မနေ့ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထိုင်းရွေးကောက်ပွဲဥပဒေအရ မဲမပေးမီတရက်အလို ညနေ ၆ နာရီကနေ မဲပေးတဲ့နေ့ ညနေ ၆ နာရီအထိ ဘယ်အရက်အမျိုးအစားကိုမဆို ရောင်းချတာ၊ တိုက်ကျွေးတာနဲ့ အလှူပေးတာတွေ လုံးဝလုပ်ခွင့်မရှိဘူးလို့ဆိုပါတယ်။
အဲဒီစည်းကမ်းချက်တွေကိုဖောက်ဖျက်ရင် ထောင်ဒဏ်ခြောက်လ ဒါမှမဟုတ် ဒဏ်ငွေဘတ်တသောင်းအပြင် ပြစ်ဒဏ်နှစ်ရပ်လုံးလည်း ချမှတ်ခံရမယ်လို့ဆိုပါတယ်။
အဲဒီတားမြစ်ကာလကို နှစ်ကြိမ်ခွဲသတ်မှတ်ထားပြီး ပထမအကြိမ်ကတော့ ဇန်နဝါရီလ ၃၁ ရက်၊ ညနေ ၆ နာရီကနေ ဖေဖော်ဝါရီလ ၁ ရက်၊ ညနေ ၆ နာရီအထိဖြစ်ပါတယ်။
အဲဒီအပြင် ဒုတိယအကြိမ်ကတော့ ဖေဖော်ဝါရီလ ၇ ရက်၊ ညနေ ၆ နာရီကနေ ဖေဖော်ဝါရီလ ၈ ရက် ညနေ ၆ နာရီအထိ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဥပဒေဟာ ထိုင်းနိုင်ငံသားတွေတင်မကဘဲ နိုင်ငံအတွင်းရှိနေတဲ့ နိုင်ငံခြားသားအားလုံးနဲ့သက်ဆိုင်တာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဒီကာလအတွင်းမှာ အရက်သောက်စားတာနဲ့ လက်ဝယ်ကိုင်ဆောင် သွားလာတာတွေကို အထူးရှောင်ကြဉ်ကြဖို့ လိုအပ်လို့ဆိုကြပါတယ်။
အဲဒီထဲ အထူးသဖြင့်မြန်မာလုပ်သားအများစုရှိတဲ့ မဟာချိုင်၊ ဘန်ကောက်၊ မဲဆောက်နဲ့ စက်မှုဇုန်နယ်မြေတွေမှာ ရဲတပ်ဖွဲ့က အထူးကြပ်မတ် စစ်ဆေးသွားမယ်လို့သိရပါတယ်။
နိုင်ငံခြားသားတွေအနေနဲ့ ဒီဥပဒေကိုချိုးဖောက်မိရင် ဒဏ်ငွေနဲ့ထောင်ဒဏ်အပြင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) နဲ့ နေထိုင်ခွင့်တွေပါ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ထိုင်းရောက်မြန်မာမိသားစုဝင်တွေအနေနဲ့ ဥပဒေပြဿနာတွေမတက်အောင် ဆင်ဆင်ခြင်ခြင်နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။






