ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်ရှိဂိုဒေါင်တခုမှာ ပစွည်းအတုပေါင်းနှစ်သိန်းကျော်နဲ့မြန်မာအမျိုးသမီးတဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေကဖေဖော်ဝါရီလ ၄ ရက်၊မနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသမီးဆီက ခေါင်းလျှော်ရည်နဲ့သွားတိုက်ဆေးအပါအဝင်အလှကုန်ပစ္စည်းအတုပေါင်းနှစ်သိန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် စီးပွားရေးရာဇဝတ်မှုနှိမ်နင်းရေးဌာန (ECD) က အရာရှိတွေဟာ ရှာဖွေဝရမ်းနဲ့အတူဘန်ကော့ (Ban Koh) ကျေးရွာရှိ ဂိုဒေါင်တခုနဲ့ နဒီ (Na Di) ရပ်ကွက်ရှိ လူနေအိမ်တလုံးကို မနေ့ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစီးနင်းမှုအတွင်း “ဆန့်” (Sank) အမည်ရှိ မြန်မာအမျိုးသမီးတဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူမဟာ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေကို အတုပြုလုပ်ကာ အွန်လိုင်းကနေတဆင့် ပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။
အဲဒီပစ္စည်းအတုတွေကို အွန်လိုင်းပလပ်ဖောင်းတွေမှာ ပုံမှန်ပေါက်ဈေးထက် အလွန်အမင်းလျှော့ဈေး (Aggressive discount) တွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်ရောင်းချခဲ့တာလို့ ဆိုပါတယ်။
သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ဒီလိုပစ္စည်းအတုတွေကို အသုံးပြုမိရင် ပြင်းထန်တဲ့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။
အဲဒိဖမ်းဆီးခံရသူ မြန်မာအမျိုးသမီးရဲ့ ဝန်ခံချက်အရ သူမဟာ စီမံခန့်ခွဲသူအဖြစ် တာဝန်ယူပြီး သူမရဲ့ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားနဲ့အတူ ဒီလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးကို ECD ဌာနခွဲ ၁ ဆီ လွှဲပြောင်းပေးထားပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့သူမရဲ့ခင်ပွန်းတရုတ်နိုင်ငံသားကို ဖမ်းဆီးရမိဖို့အတွက် ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။






