အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ အရေပြားရောဂါဖြစ်ပွားနေတာကြောင့် ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေလိုအပ်နေကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီ ရသေ့တောင်မြို့နယ်၊သာစည်တောင့်ကျေးရွာနဲ့ အနီးအနားရှိကျေးရွာတွေမှာ အရေပြားရောဂါ (ဝဲရောဂါ)ပြင်းထန်စွာ ကူးစက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီဒေသတွေမှာ ဆေးဝါးမလုံလောက်တာတွေနဲ့ ကြုံတွေ့နေရတာကြောင့် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီအရေးပေါ်လိုအပ်နေတယ်လို့ဆိုကြပါတယ်။
အဲဒီထဲ ကလေးငယ်တွေနဲ့သက်ကြီးရွယ်အိုတွေမှာပိုပြီးအဖြစ်များနေသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ကျန်းမာရေးဌာနက လိုက်လံကုသပေးနေပေမယ့်လူဦးရေနဲ့ဆေးဝါးပမာဏ မမျှမတဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“လမ်းပန်းဆက်သွယ်ရေးကလည်းခက်ခဲနေတော့ ဘယ်မှသွားလို့မရဘူး။အာရက္ခတပ်တော်ကကုပေးနေတာရှိပေမယ့်ဆေးဝါးက တကယ်ကို မလုံလောက်တာပါ။ မြို့နယ်ထဲမှာက လူတိုင်းလိုလို ဖြစ်နေကြတာဆိုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကဆေးဝါးအကူအညီတွေ အမြန်ဆုံး ရစေချင်ပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီရောဂါဟာ အဓိကအားဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ဒေသခံပြည်သူတွေဆီကိုပါ အလျင်အမြန် ကူးစက်နေတာလို့ ဆိုကြပါတယ်။
အဲဒီမွေးကင်းစကလေးကနေ အသက်ငါး ဆယ်ကျော် အရွယ်တွေအထိကူးစက်ခံထားရပြီး ဒီရောဂါဖြစ်နေတာ ဘယ်နှစ်လကြာနေပြီလဲဆိုတာတောင် မရေတွက်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ဆိုကြပါတယ်။
“ကျမတို့ရွာမှာလူပေါင်းလေးရာလောက် ဒီအရေပြားရောဂါဖြစ်နေကြတာပါ။စစ်ဘေးရှောင်တွေရော၊ ရွာခံတွေရော အကုန်ဖြစ်နေတာ။အာရက္ခတပ်တော်က ဆေးလာကုပေးပေမယ့် ဆေးကုန်သွားလို့ မရလိုက်တဲ့လူတွေအများကြီးပဲ။ပျောက်သွားပြီးမှ ပြန်ပေါ်လာတဲ့သူတွေလည်း ရှိတယ်။ အရမ်းယားယံပြီး အနာတွေ ဖြစ်လာတာပါ။” လို့ သာစည်တောင့်ကျေးရွာရှိ အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလို အရေပြားရောဂါဟာဖြစ်ပွားနေကြတာကြောင့် ဝင်ငွေမရှိတဲ့ စစ်ဘေးရှောင်တွေအတွက်က ဆေးဝါးဝယ်ယူဖို့ အခက်အခဲဆုံး ဖြစ်နေကြတယ်လို့ စစ်ဘေးရှောင် တွေကဆိုကြပါတယ်။
စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်မရှိတဲ့အပြင်လူသားချင်းစာနာမှု အကူအညီတွေလည်းမရရှိတာကြောင့် စားဝတ်နေရေးတင်မက ကျန်းမာရေးမှာပါ အကျပ်ရိုက်နေကြရတယ်လို့ဆိုကြပါတယ်။
“ကျမအမျိုးတွေထဲမှာလည်း ဖြစ်နေကြတာ။ စစ်ဘေးရှောင်တွေမှာက အလုပ်လည်းမရှိ၊ဝင်ငွေလည်းမရှိတော့ ဆေးဝယ်ဖို့ တော်တော်ခက်နေကြတယ်။ စားသောက်ဖို့တောင် မနည်းရုန်းကန်နေရတာဆိုတော့လူသားချင်းစာနာမှု အကူအညီတွေ မရရင် ဒီထက်ပိုဆိုးလာမှာပဲ။” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
အဲဒါကြောင့် စစ်ရှောင်တွေနဲ့ မြို့ခံတွေမှာ နေ့စဉ် စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေကို အလူးအလဲ ခံစားနေကြရတယ်လို့ စစ်ဘေးရှောင် တွေနဲ့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒီရောဂါကူးစက်မှုကို အချိန်မီ မထိန်းချုပ်နိုင်ရင် ဒေသခံတွေအတွက် အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်လို့ ကျန်းမာရေးအခြေအနေ စောင့်ကြည့်သူတွေက ဆိုပါတယ်။
အဲဒီ အရေပြားရောဂါဟာ တကိုယ်ရည်သန့်ရှင်းမှုနဲ့ ဆေးဝါးမလုံလောက်တာတွေကြောင့် ပိုမိုပြန့်ပွားနေတာဖြစ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရော၊နိုင်ငံတကာအဖွဲ့အစည်းတွေကပါ အမြန်ဆုံးကူညီပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။






