Border News Agency
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးခဲ့တာကြောင့် ပါတီစုံစနစ်ကို ပီပြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲမှာပြည်သူတွေစနစ်တကျ မဲပေးခဲ့ကြတာဟာ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေကို ထောက်ခံတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
အဲဒီအပြင် ပါတီငယ်တွေနဲ့တိုင်းရင်းသားကိုယ်စားလှယ်တွေလွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာနိုင်ဖို့အတွက် PR စနစ်ကို ကျင့်သုံးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲမှာ ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတဝှမ်း ယှဉ်ပြိုင်တဲ့ပါတီ ၆ ပါတီ ရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီထဲက ပါတီ ၃၁ ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တဦးတို့ ရွေးကောက်ခံခဲ့ရတာပါ။
ဒီရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ပါတီငယ်တွေပိုမိုပါဝင်လာတာကို တွေ့ရပြီး ရလဒ်အပေါ်သံသယရှိရင် ရွေးကောက်ပွဲကော်မရှင်ကို လုပ်ထုံးလုပ်နည်းအတိုင်း တင်ပြနိုင်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
အဲဒီအပြင် မကြာခင်ကာလအတွင်းမှာ လွှတ်တော်ခေါ်ယူဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။






