Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၁၅။
ထိုင်းနိုင်ငံ၊ အကျဉ်းထောင်တခုမှာ အသက် ၄၄ နှစ်အရွယ်အမျိုးသားအကျဉ်းသားတဦး မျောက်ကျောက်ရောဂါ (Mpox) နဲ့ သေဆုံးခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ထားပါတယ်။
အဲဒီ အကျဉ်းသားဟာ HIV အပါအဝင် အသည်းရောင်အသားဝါနဲ့ ကာလသားစတဲ့ရောဂါအခံတွေရှိနေသူဖြစ်ပြီး ဆေးဝါးကုသမှု ပုံမှန်မရှိတာကြောင့် ကိုယ်ခံအားစနစ်အလွန်အမင်းပျက်စီးနေချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီး ပြင်းထန်စွာဝေဒနာခံစားခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီအကျဉ်းသားဟာ ဇန်နဝါရီလ ၂၀ ရက်နေ့က အကျဉ်းထောင်ထဲကို စတင်ဝင်ရောက်လာကတည်းက ခြေထောက်မှာ အနာတွေပါလာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ်ပူအဖျားတက်တာနဲ့ ခန္ဓာကိုယ်အနှံ့အဖုအပိမ့်တွေ ထွက်လာတာကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရတယ်လို့ ဆိုပါတယ်။
သူဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ Mpox Clade II မျိုးစိတ် ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရတယ်လို့ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ထုတ်ဖော်ပြောကြားထားပါတယ်။
အဲဒီသေဆုံးသူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ အကျဉ်းသား ၃၂ ဦးကို သီးခြားခွဲထုတ်ထားပြီး ၁၉ ဦးကို ကာကွယ်ဆေး ထိုးနှံပေးထားတယ်လို့ သိရပါတယ်။
အကျဉ်းထောင်အတွင်း ရောဂါပြန့်ပွားမှုမရှိစေဖို့ အကျဉ်းသားအဝင်အထွက်တွေကို ယာယီရပ်ဆိုင်းထားပြီး ထောင်ဝန်ထမ်းနဲ့ ကျန်းမာရေးဝန်ထမ်း ၈၀ ကျော်ကိုလည်း ရောဂါပိုး ရှိ၊ မရှိ ထပ်မံစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။






