ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်မှာ ခွေးရူးပြန်ရောဂါ (Rabies) နဲ့ ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံး သေဆုံးသူတဦး ရှိလာတယ်လို့ ထိုင်းရောဂါထိန်းချုပ်ရေးဌာန (DDC) က ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီသေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ် မြန်မာအမျိုးသားတဦး ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလတုန်းက ခွေးပေါက်လေးတကောင်က သူ့ကိုလက်ဖဝါးကို ကိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီအချိန်က ဒဏ်ရာကိုဆရာဝန်နဲ့ သေချာမပြသခဲ့သလို ကာကွယ်ဆေးထိုးဖို့ကိုလည်းငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
အကိုက်ခံရပြီး တလကျော်အကြာ ဇန်နဝါရီလ ၂၃ ရက်မှာတော့ ရေသောက်ပြီးနောက် ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်တာနဲ့ ခေါင်းမူးတာမျိုးတွေ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလို ရောဂါလက္ခဏာပြပြီး ၂ ရက်အကြာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးချက်အရ ခွေးရူးပြန်ရောဂါပိုး (Rabies) ကူးစက်ခံရတာကို အတည်ပြုနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တနှစ်လုံးမှာ ခွေးရူးပြန်ရောဂါနဲ့ သေဆုံးသူ ၇ ဦးအထိ ရှိခဲ့ပါတယ်။
အဲဒီသေဆုံးသူအားလုံးဟာ တိရစ္ဆာန်ကိုက်ခံရပြီးနောက် ကာကွယ်ဆေး သွားရောက်မထိုးနှံကြတာချင်း တူညီနေတယ်လို့ သိရပါတယ်။
ခွေးရူးပြန်ရောဂါဟာ လက္ခဏာစပြပြီဆိုတာနဲ့ ကုသလို့မရတော့သလို ၁၀၀ ရာခိုင်နှုန်း သေဆုံးနိုင်တဲ့ ရောဂါဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ လူနာက ရေကြောက်တာ၊ လေကြောက်တာ၊ အလင်းရောင်ကြောက်တာတွေအပြင် အစာမျိုရခက်ပြီး ရူးသွပ်တဲ့လက္ခဏာတွေ ပြလာတတ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ခွေး၊ ကြောင် ဒါမှမဟုတ် နို့တိုက်သတ္တဝါတစ်မျိုးမျိုး ကိုက်တာ၊ ကုတ်တာ ခံရရင်ဖြစ်ဖြစ်၊ ဒဏ်ရာကို လျက်ခံရရင်ဖြစ်ဖြစ် ချက်ချင်း ရေ၊ ဆပ်ပြာတို့နဲ့ စင်ကြယ်အောင် ဆေးကြောဖို့ လိုအပ်ပါတယ်။
အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေအနေနဲ့လည်း မိမိတို့ရဲ့ ခွေး၊ကြောင်တွေကို နှစ်စဉ်ကာကွယ်ဆေး ထိုးနှံပေးကြဖို့ တိုက်တွန်းထားပါတယ်။






