Border News Agency
မဲဆောက်၊ ဖေဖော်ဝါရီ ၂၁ ။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်က ကျားဂေဟာ (Tiger Kingdom) မှာ ကျား ၇၂ ကောင် အုပ်စုလိုက်သေဆုံးခဲ့ရတဲ့ အကြောင်းရင်းဟာ ခွေးတွေမှာဖြစ်ပွားလေ့ရှိတဲ့ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုး ပူးတွဲကူးစက်ခံရတာကြောင့်ဖြစ်တယ်လို့ ထိုင်းတိရစ္ဆာန်ဆေးကုဦးစီးဌာနက ဖေဖော်ဝါရီလ၂၀ ရက်၊ ဒီနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
အဲဒါဟာ တချို့ကစိုးရိမ်နေကြသလို ကြက်ငှက်တုပ်ကွေးကြောင့်မဟုတ်ဘဲ ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါကြောင့် သေဆုံးရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ခွဲခန်းစစ်ဆေးချက်တွေအရ ကျားတွေမှာ Canine Distemper Virus (CDV) လို့ခေါ်တဲ့ ခွေးဝမ်းကျရောဂါပိုးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယားပိုး (Mycoplasma spp.) တို့ ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။
အဲဒီရောဂါပိုးဟာ တိရစ္ဆာန်အချင်းချင်းသာကူးစက်တတ်ပြီး တိရစ္ဆာန်ကနေလူကိုကူးစက်တဲ့ ရောဂါမျိုးမဟုတ်တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။
အဲဒီရောဂါပိုး လူကိုမကူးစက်နိုင်ဘူးဆိုပေမယ့်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ သေဆုံးသွားတဲ့ကျားတွေနဲ့ နီးကပ်စွာထိတွေ့ခဲ့သူ ဝန်ထမ်းနဲ့တိရစ္ဆာန်ဆရာဝန် ၁၀၈ ဦးကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ထားပါတယ်။
သူတို့ကို ရောဂါပျိုးရက်ဖြစ်တဲ့ ၂၁ ရက်အထိ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ မဲရင်းမြို့နယ်က အဲဒီကျားဂေဟာကို ၁၄ ရက်ကြာ ယာယီပိတ်ထားကာ ပိုးသတ်သန့်စင်မှုတွေ လုပ်ဆောင်နေပါတယ်။
လက်ရှိမှာ ကျန်ရှိနေတဲ့ကျားတွေကို မဲတန်းမြို့နယ်က စောင့်ရှောက်ရေးစင်တာကိုပြောင်းရွှေ့ထားပြီး အခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဒါပေမဲ့လည်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြည်သူတွေအနေနဲ့ အစားအသောက်တွေကို ကျက်အောင်ချက်စားဖို့၊ လက်ကိုမကြာခဏဆေးဖို့နဲ့ တိရစ္ဆာန်တွေကိုကိုယ်တိုင်ထိတွေ့တာ ဒါမှမဟုတ် အစာကျွေးတာမျိုးတွေ မလုပ်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
တကယ်လို့ ထူးခြားတဲ့ကျန်းမာရေးလက္ခဏာတွေ သံသယရှိလာရင် အရေးပေါ်ဖုန်းလိုင်း ၁၄၂၂ ကို ၂၄ နာရီပတ်လုံး ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
ဒီဖြစ်စဉ်ဟာ ချင်းမိုင်ဒေသက တိရစ္ဆာန်ထိန်းသိမ်းရေးလောကအတွက် တော်တော်လေးစိတ်မကောင်းစရာဖြစ်ရပ်တခု ဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ ရောဂါအရင်းအမြစ်ကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။






