ထိုင်းကြည်းတပ် အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်ကြီး ဖနာ ကလောင်ပလော့ဒု (Phana Klaewplodtuk) ဟာ အမေရိကန် တပ်မတော် အမှတ် ၁ တပ်မမှူး ဒုတိယဗိုလ်ချုပ်ကြီး မက်သယူး မက်ဖားလိန်း (Matthew McFarlane) ကို ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့ကလက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခနဲ့ ပတ်သက်လို့ ထိုင်းစစ်တပ်ဟာ နိုင်ငံတကာစံနှုန်းတွေအတိုင်း အချုပ်အခြာအာဏာကို ကာကွယ်နေတာဖြစ်ပြီး အမေရိကန်အနေနဲ့ ထိုင်းရဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းမှုအပေါ် ယုံကြည်ထောက်ခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အမေရိကန်ဘက်ကလည်း ထိုင်းစစ်တပ်ဟာ အင်အားသုံးမှုအပေါ် စည်းကမ်းတကျ ထိန်းသိမ်းနိုင်တာကို ချီးကျူးခဲ့သလို ကမ္ဘောဒီးယားဘက်က လုပ်ထုံးလုပ်နည်းတွေအတိုင်း မလုပ်ဆောင်တာကို ထောက်ပြပြီး ထိုင်းရဲ့သည်းခံနိုင်မှုနဲ့ သာလွန်တဲ့ ကိုင်တွယ်ပုံတွေကို ဂုဏ်ယူတယ်လို့ ပြောဆိုခဲ့ပါတယ်။
စစ်ရေးပူးပေါင်းမှုအနေနဲ့ Cobra Gold နဲ့ Hanuman Guardian လေ့ကျင့်ခန်းတွေကို အဆင့်မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြသလို အမေရိကန်က ထိုင်းစစ်တပ်ကို EDA အစီအစဉ်နဲ့ Stryker သံချပ်ကာကား ၁၇ စီးထောက်ပံ့ပေးသွားမှာဖြစ်ပြီး နည်းပညာနဲ့ စစ်ဆင်ရေးပိုင်းတွေကိုပါ ဆက်လက်ကူညီပေးသွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဆိုင်ဘာနဲ့ အာကာသစစ်ပွဲတွေလို ခေတ်သစ်စစ်ဆင်ရေးတွေမှာ နည်းပညာပိုင်း ပေါင်းစပ်ဖို့နဲ့ ဒရုန်းရန်သူတွေကို တားဆီးတဲ့ စနစ်တွေကိုပါ ပူးပေါင်းလေ့ကျင့်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။













