Border News Agency
ဆော၊ ဖေဖော်ဝါရီ ၂၄။
မကွေးတိုင်း၊ ဆောမြို့နယ်မှာ ရပ်ထားတဲ့ကုန်တင်ကားတစီးပေါ်မှ ဆီလှယ်ရာမှတဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားပြီး ကားနဲ့အနီးရှိဇရပ်တဆောင် မီးလောင်နေတယ်လို့ ယောအလင်းတန်းက ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမှာ ဆောမြို့နယ်အကြည်ကတင်းသင်္ချိုင်းဇရပ်အနီး ကားလမ်းဘေးရပ်ထားတဲ့၂၄ ပေ ကုန်တင်ကားတစီးပေါ်က ဓာတ်ဆီလှယ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့တာပါ။
အဲဒီကားပေါ်ပါတဲ့ ဆီပေပါတွေပေါက်ကွဲပြီး မီးတောက်အားကောင်းနေလို့ ဘေးရှိင်္သချိုင်းဇရပ်ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မီးလောင်မှုပြင်းထန်နေဆဲဖြစ်လို့ အနီးအနားကဖြတ်သန်းသွားလာကြတဲ့ မိဘပြည်သူတွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ ဒေသခံသတင်းရင်းမြစ်တွေက သတိပေးထားပါတယ်။
အဲဒါကြောင့် အပူရှိန်ပြင်းထန်တဲ့အချိန်မှာ နေရောင်အောက် ဓာတ်ဆီ၊ ဒီဇယ်စတဲ့ မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို ထုတ်ယူတာ၊ ရွှေ့ပြောင်းတာတွေ မပြုလုပ်ကြဖို့ကို “ယောအလင်းတန်း” ကသတိပေးနှိုးဆော်ထားပါတယ်။






