Border News Agency
ဝါရှင်တန်၊ မတ် ၄။
ကူဝိတ်နိုင်ငံ၊ ရှုအိုင်ဘာဆိပ်ကမ်းမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ အဆောက်အအုံတခုကို မတ်လ ၂ ရက်နေ့ကအီရန်ဒရုန်းတစင်း ဝင်တိုက်ခဲ့တာကြောင့် အမေရိကန် အရန်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားခဲ့တယ်လို့ အမေရိကန်စစ်တပ်က မတ်လ ၃ ရက်၊မနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
အဲဒါဟာ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း ပထမဆုံးအသေအပျောက်စာရင်း ဖြစ်လာခဲ့တာပါ။
သေဆုံးသွားသူတွေဟာ အိုင်အိုဝါပြည်နယ်၊ ဒက်စ်မွိုင်းစ်အခြေစိုက် အမှတ် ၁၀၃ ထောက်ပံ့ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ထဲမှာ အသက် ၃၅ နှစ်အရွယ် ဗိုလ်ကြီး ကိုဒီ အေ. ကော့ခ်၊အသက် ၄၂ နှစ်အရွယ် တပ်ကြပ်ကြီး နိုအာ အယ်လ်. တီယက်ဂျန်စ်၊အသက် ၃၉ နှစ်အရွယ် တပ်ကြပ်ကြီး နီကိုး အမ်. အာမော နဲ့ အသက် ၂၀ အရွယ် တပ်ကြပ် ဒက်ကလန် ဂျေ. ကိုဒီ တို့ ပါဝင်ပါတယ်။
သူတို့ထဲက အများစုဟာ ဆော်ဒီအာရေးဗီးယား၊အီရတ်နဲ့ ပိုလန်နိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဝါရင့်စစ်သည်တွေ ဖြစ်ကြပါတယ်။
အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ထုတ်ပြန်ချက်အရ အခုချိန်ထိ အီရန်ဘက်က ဘောလစ်စတစ်ဒုံးကျည် ၅၀၀ ကျော်နဲ့ ဒရုန်း ၂,၀၀၀ ကျော်ကို အရှေ့အလယ်ပိုင်းတစ်ခွင်မှာ အသုံးပြုပြီး တိုက်ခိုက်ထားတယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အဆင့်မြင့်အရာရှိကြီးတွေကတော့ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုတွေအပေါ် အီရန်ဘက်က လက်တုံ့ပြန်နေတာကြောင့် အမေရိကန်စစ်သည်တွေ ထပ်ပြီး အသေအပျောက်ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် အမေရိကန်လုံခြုံရေးဆိုင်ရာ ထိပ်တန်းအရာရှိတွေက လွှတ်တော်အမတ်တွေကို တံခါးပိတ်အစည်းအဝေးမှာ ရှင်းပြခဲ့ရာမှာလည်း အီရန်ရဲ့ဒရုန်းတိုက်ခိုက်မှုတွေကို အကုန်လုံးတားဆီးနိုင်ဖို့ ခက်ခဲနေသေးတဲ့အတွက် ရှေ့လျှောက် အသေအပျောက်တွေ ထပ်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။










