Border News Agency
ချင်းမိုင်၊ မတ် ၅။
ထိုင်း-မြန်မာနယ်စပ်နယ်မြေတည်ငြိမ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေညှိနှိုင်းဖို့အတွက် နှစ်နိုင်ငံစစ်တပ်တာဝန်ရှိသူတွေဟာ ချင်းမိုင်ခရိုင်၊ ဝင်းဟဲမြို့နယ်က ဝတ်ဖားဝိန်းအင်းဘုရားကျောင်းမှာ တွေ့ဆုံခဲ့ကြတယ်လို့ ထိုင်းဘုရင့်တပ်တော်က မတ်လ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ထိုင်းဘက်က ချိုင်ယာနုဖတ်တပ်ဖွဲ့ အမှတ် ၅ မြင်းစီးတပ်ရင်းက တာဝန်ရှိသူတွေတက်ရောက်ခဲ့ပြီး မြန်မာဘက်ကတော့ ပန်ကန်ကော်စခန်းမှူး ဗိုလ်ကြီးအောင်နိုင်ဖြိုးဦးဆောင်တဲ့ ခမရ ၃၃၀တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ နယ်စပ်တလျှောက် လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဒေသတွင်းတည်ငြိမ်ရေးအတွက် အပြန်အလှန်ဆက်ဆံရေးတည်ဆောက်တဲ့အနေနဲ့ အခုလိုတွေ့ဆုံခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဆွေးနွေးပွဲမှာ နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ပတ်သက်ပြီး နားလည်မှုလွဲတာမျိုးမရှိစေဖို့အပြင် နယ်စပ်တလျှောက်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို သတင်းအချက်အလက် အပြန်အလှန်ဖလှယ်သွားဖို့လည်း ထည့်သွင်းပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်။









