Border News Agency
ဂျေရုဆလင်၊ မတ် ၂၁။
ဂျေရုဆလင်မြို့ဟောင်းက အယ်လ်အာဆာဗလီအနီးမှာ မတ်လ ၂၀ ရက်နေ့၊ မနက်ပိုင်းက အိဒ်ဆုတောင်းပွဲပြုလုပ်ဖို့ စုဝေးရောက်ရှိလာတဲ့ ပါလက်စတိုင်းတွေကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေလူစုခွဲခဲ့ပါတယ်။
အစ္စရေးက မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေသုံးပြီး လူစုခွဲခဲ့လို့ ဒဏ်ရာရသူတွေ၊ဖမ်းဆီးခံရသူတွေ ရှိခဲ့ပါတယ်။
အီရန်စစ်ပွဲကြောင့် အစ္စရေးအာဏာပိုင်တွေဟာ အယ်လ်အာဆာဗလီကိုလုံခြုံ ရေးအကြောင်းပြချက်နဲ့ ၂၁ ရက်ဆက်တိုင်းပိတ်ထားခဲ့တာပါ။
ရမ်ဇာန်ဥပုသ်လအပြီး အိဒ်နေ့မှာ ဗလီထဲဝင်ပြီး ဆုတောင်းခွင့်မရတော့တဲ့ ပါလက်စတိုင်းတွေက ဗလီအပြင်ဘက် လမ်းမတွေပေါ်မှာ စုဝေးဆုတောင်းကြလို့ ထိပ်တိုက်တွေ့မှုတွေဖြစ်ခဲ့တာပါ။
အစ္စလာမ်ဘာသာဝင်တွေရဲ့တတိယမြောက် အထွတ်အမြတ်ထားရာ အယ်လ်အာဆာဗလီမှာ ရမ်ဇာန်လနောက် ဆုံးဆယ်ရက်မှအိဒ်နေ့ထိ ဆုတောင်းပွဲတွေ ပိတ်ပင်ခံရတာဟာ ၁၉၆၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီနှစ်အိဒ်ပွဲတော်ဟာ ဂျေရုဆလင်မြို့ဟောင်းထဲမှာတော့ အလွန်ဝမ်းနည်းစရာကောင်းတဲ့ပွဲတော်ဖြစ်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒီမြို့ဟောင်းအတွင်းက ဆိုင်ခန်းအ များစု ပိတ်ထားရပြီး လမ်းမတွေပေါ်မှာလည်း လူသူကင်းမဲ့ကာမြို့ပျက်ကြီးလို ဖြစ်နေပါတယ်။
အစ္စရေးကတော့ စစ်ပွဲကာလအတွင်း လုံခြုံရေးကိုအမြင့်ဆုံးတင်းကျပ်ထားပေမယ့် ပါလက်စတိုင်းတွေကတော့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို ချိုးဖောက်တာလို့ ဝေဖန်နေကြပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် ဂျေရုဆလင်ဒေသတဝိုက်မှာ တင်းမာမှုတွေ ပိုမြင့်တက်လာနေပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေကတော့ မြို့ဟောင်းအဝင်အထွက် တံခါးတွေမှာ အင်အားအလုံးအရင်းနဲ့ ဆက်နေရာယူထားပါတယ်။
ပါလက်စတိုင်းတွေကတော့ သူတို့ရဲ့ ဘာသာရေးအခွင့်အရေးတွေကို စစ်ပွဲအကြောင်းပြပြီး ကန့်သတ်နေတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။






