Border News Agency
ကျောက်တော်၊ မတ် ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေက ကြက်သွန်စိုက်တောင်သူတွေဟာ သွင်းအားစုစရိတ်တွေအဆမတန်မြင့်တက်လာတာကြောင့် အရှုံးပေါ်မှာကို စိုးရိမ်နေကြပါတယ်။
စက်သုံးဆီနဲ့ လုပ်အားခဈေးတွေတက်နေတဲ့အပြင် စိုက်ခင်းအခြေအနေကလည်း မကောင်းတာကြောင့် တောင်သူတွအခက်တွေ့နေကြတာပါ။
ဒီနှစ်မှာစိုက်ဧကတွေတိုးထားပေမယ့် လိုအပ်တဲ့ပိုးသတ်ဆေးနဲ့ မြေဩဇာတွေရဖို့ကခက်ခဲနေတယ်လို့ ကြွက်သွန်စိုက်တောင်သူတွေကဆိုကြပါတယ်။
“အခုကဆီဈေးရော မြေဩဇာဈေးရော အကုန်တက်နေတော့စိုက်စရိတ်က အရင်ထက် နှစ်ဆလောက်ပိုကုန်တယ်။ အထွက်နှုန်းကလည်းအရင်လို မကောင်းတော့ တော်တော်လေး ရုန်းကန်နေရတယ်။”လို့မြောက်ဦးမြို့နယ်ရှိ ကြက်သွန်စိုက်တောင်သူဦးကျော်မိုးထွန်းက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင်မြေဆီလွှာမပျက်စီးအောင်ထိန်းသိမ်းဖို့ နည်းပညာပိုင်းမှာလည်း အကူအညီတွေလိုအပ်နေကြတယ်လို့ ဆိုပါတယ်။
ပြည်တွင်းထွက်ကြက်သွန်ဟာ အနံ့အရသာကောင်းပေမယ့် ပြည်ပကဝင်လာရင်ဈေးကွက်ယှဉ်ဖို့ ခက်ခဲတတ်တယ်လို့လည်းဆိုကြပါတယ်။
“ဈေးကွက်ကမတည်ငြိမ်တော့ အမြဲစိုးရိမ်နေရတယ်။ အခုကုန်ကျစရိတ်နဲ့ဆိုရင်တပိဿာကို အနည်းဆုံး ၈,၀၀၀ ကနေ ၉,၀၀၀ ဝန်းကျင်လောက်ရမှ တွက်ခြေကိုက်မှာ။”လို့ဦးကျော်မိုးထွန်းကဆိုပါတယ်။
အဲဒီအပြင်စိုက်ပျိုးရေရရှိဖို့နဲ့ မြေဆီလွှာထိမ်းသိမ်းဖို့အတွက်အကူအညီတွေလိုအပ်နေသလို စရိတ်စကကြီးတာကို သက်ဆိုင်ရာကကူညီပေးဖို့ တောင်သူတွေက မျှော်လင့်နေကြတာပါ။
“ကျွန်တော်တို့ တောင်သူတွေဘဝက မြေကြီးထဲမှာပဲ အချိန်ကုန်နေတာပါ။အခုလို ခက်ခဲချိန်မှာ သွင်းအားစုနဲ့ နည်းပညာပိုင်း ကူညီပေးနိုင်ရင် အများကြီး အသက်ရှူချောင်သွားမှာပါ။”လို့ ဆိုပါတယ်။
အဲဒါကြောင့်စိုက်ပျိုးစရိတ်နဲ့ ကိုက်ညီတဲ့သတ်မှတ်ဈေးကွက်တခုရှိလာဖို့နဲ့ ပြည်ပသွင်းကုန်တွေကိုယှဉ်ပြိုင်နိုင်အောင် တာဝန်ရှိသူတွေကပံ့ပိုးပေးစေချင်တယ်လို့ တောင်သူတွေက တောင်းဆိုနေကြပါတယ်။






