Border News Agency
ဧရာဝတီ၊ မတ် ၂၅။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာရှိတဲ့ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ် အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီလို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မတ်လ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အခုလို အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် ပြောင်းလဲရာမှာ မူလဧရိယာ ၂၁၇ ဧကကျော်ကို ရေပြင်ဧရိယာ ၁၁,၈၀၀ ကျော် ထပ်မံတိုးချဲ့လိုက်တာကြောင့် စုစုပေါင်း ဧက ၁၂,၀၀၀ ကျော်အထိ ကျယ်ဝန်းသွားမှာ ဖြစ်ပါတယ်။
အဲဒါဟာ မြန်မာနိုင်ငံရဲ့စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်ပြီး ပင်လယ်ရေကြောင်းဆုံရာမှာရှိတဲ့ ကမ်းရိုးတန်း ဂေဟစနစ်နဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ပိုမိုထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်တာပါ။
အထူးသဖြင့် ရှားပါးပင်လယ်လိပ်တွေ သားပေါက်ရာနေရာတွေနဲ့ သန္တာကျောက်တန်းတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်မှာဖြစ်သလို ရေပေါ်ရေအောက် သယံဇာတတွေ တိုးပွားလာဖို့အတွက်လည်း ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင် သမိုင်းဝင်မော်တင်စွန်းဘုရားနဲ့လည်း နီးကပ်တာကြောင့် နောင်မှာ ဘုရားဖူးပြည်သူတွေ အပန်းဖြေလေ့လာနိုင်မယ့်အပြင် သဘာဝအခြေခံခရီးသွားလုပ်ငန်းနဲ့ သုတေသနလုပ်ငန်းတွေပါ ဖွံ့ဖြိုးလာမယ်လို့လည်းဆိုပါတယ်။






