Border News Agency
ဘန်ကောက်၊ မတ် ၂၆။
ထိုင်းနိုင်ငံအတွင်းလမ်းပေါ်မှာဖြစ်ပွားနေတဲ့ ယာဉ်တိုက်မှုတွေကိုလျှော့ချနိုင်ဖို့အတွက် လာမယ့် ဧပြီလ ၁ ရက်နေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ယာဉ်စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ်စစ်ဆေးအရေးယူတော့မယ်လို့ ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
အရင်ကကျင့်သုံးခဲ့တဲ့ ဒဏ်မရိုက်ခင်ကြိုတင်သတိပေးခြင်း အစီအစဉ်ဟာ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး ဇန်နဝါရီလကနေ အခုအချိန်ထိယာဉ်စည်းကမ်းဖောက်ဖျက်သူပေါင်း ၁ သိန်း ၉ သောင်းကျော်ကို သတိပေးစာစောင်တွေထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
ဧပြီလ ၁ ရက်နေ့ကစပြီး လုပ်ဆောင်မယ့်ဒုတိယအဆင့်အစီအစဉ်မှာတော့ ယာဉ်တိုက်မှုဖြစ်စေတဲအဓိကအကြောင်းရင်း ၁၀ ချက်ကို ပစ်မှတ်ထားပြီး ဥပဒေအတိုင်း တိတိကျကျအရေးယူသွားမှာပါ။
အဲဒီအထဲမှာ သတ်မှတ်အရှိန်ထက် ပိုမောင်းတာ၊ မီးနီဖြတ်တာ၊ မူးယစ်မောင်းနှင်တာနဲ့ ဖုန်းအသုံးပြုတာ စတဲ့အချက်တွေအဓိကပါဝင်ပါတယ်။
ဒီလိုတင်းတင်းကျပ်ကျပ်အရေးယူရတာဟာ လမ်းပေါ်မှာအသက်ဆုံးရှုံးရမှုတွေကိုလျှော့ချဖို့နဲ့ ဘေးကင်းတဲ့ယာဉ်မောင်းနှင်မှု ယဉ်ကျေးမှုတစ်ခုဖြစ်လာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ယာဉ်ကြောထိန်းချုပ်ရေးစင်တာက ဆိုပါတယ်။






